မြိုင် – ၂၀၂၄ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူရွာကနေ ကင်းပတ်လာတဲ့ ပျူစောထီး ၁၅ ဦးကို ဒီကနေ့ နံနက်ပိုင်းမှာ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခုနစ်ဦးသေဆုံးပြီး ငါးဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ Earthquake Peoples Defense Force အဖွဲ့ဆီက သိရပါတယ်။
သရက်ကန်ပျူရွာက ကင်းပတ်လာတဲ့ ပျူစောထီး ၁၅ဦးကို ပထမအကြိမ်ပစ်ခတ်တိုက်ခိုက်ရာမှာ လက်နက်မပါသူ ငါးဦး လက်မြှောက်တာကြောင့် မပစ်ခတ်တော့ဘဲ အရှင်ဖမ်းရခဲ့တယ်လို့ Earthquake peoples Defense Force အဖွဲ့သတင်းပြန်ကြားရေးတာဝန်ခံကိုပိန်ကပြောပါတယ်။
” ထွက်လာတဲ့ ၁၅ ယောက်မှာ နှစ်ယောက်သေတယ်၊ ငါးယောက်ကိုအရှင်ဖမ်းမိရခဲ့တယ်၊ ကျန်တဲ့သူတွေက ပစ်ပြေးပြေးသွားကြတယ်၊ ပြေးသွားတဲ့အချိန်မှာ သူတို့ဘန်ကာတွေကို မီးရှို့နိုင်ခဲ့တယ်၊ အလောင်းလာကောက်မှာကိုထပ်စောင့်ပြီးပစ်တော့ အလောင်းလာကောက်တဲ့ ငါးယောက်ပါထပ်သေတယ်၊ စုစုပေါင်းသေတာ ခုနစ်ယောက်ပေါ့”လို့သူကပြောပါတယ်။
မြိုင်မြို့နယ် သရက်ကန်ပျူရွာက အရှင်ဖမ်းဆီးရမိခဲ့သူတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထားသွားမယ်လို့ပြောပါတယ်။
မြိုင်မြို့နယ် သရက်ကန်ပျူရွာပစ်ခတ်မှုမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေအထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်။
ပုံစာ – ဖမ်းဆီးရမိတဲ့ ပျူငါးဦး
ဓါတ်ပုံ – Earthquake Peoples Defense Force

