ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၅ (မော်ကွန်း)
ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူ သိန်းနဲ့ချီပြီး ပညာသင်ကြားရေးအတွက် အခက်အခဲတွေဖြစ်နေတယ်လို့ ကျောင်းသားမိဘတွေနဲ့ ဒေသတွင်း အကူအညီပေးသူတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီတပ်တွေအကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်နယ်တစ်ခုလုံးက အခြေခံပညာစာသင်ကျောင်းတွေမှာ ကျောင်းသားဦးရေရဲ့ ၄၈ ဒသမ ၇၆ ရာခိုင်နှုန်းကျော် ပျက်ကွက်ဖြစ်နေတယ်လို့ စစ်ကောင်စီက ယခုလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ကျောင်းတွေစတင်ဖွင့်ခဲ့တဲ့ ဇွန်လပိုင်းမှာ ပြည်နယ်တစ်ခုလုံး ကျောင်းသားဦးရေ ငါးသိန်းခုနစ်သောင်းကျော် တက်ရောက်ခဲ့ပေမယ့် လက်ရှိမှာ ကျောင်းသားဦးရေ နှစ်သိန်းခုနစ်သောင်းကျော်ပဲ ကျောင်းတက်ရောက်နေတယ်လို့ ထုတ်ပြန်ထားတာပါ။
မနှစ်က နိုဝင်ဘာလမှာ AA နဲ့ စစ်ကောင်စီအကြား တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်လာတာဖြစ်ပြီး တိုက်ပွဲကာလ သုံးလကျော် ကြာမြင့်လာပြီဖြစ်ပါတယ်။
မြောက်ဦးမြို့နယ်က ကျောင်းသားမိဘတစ်ဦးကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ မိသားစုလိုက် စစ်ဘေးရှောင်လာရပြီး ကလေးတွေလည်း ကျောင်းမတက်နိုင်တာ သုံးလနီးပါးရှိပြီဖြစ်တာကြောင့် ကျောင်းပြောင်းဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။
“ အခုက မိသားစုလိုက် အမျိုးအိမ်မှာ ရှောင်နေရတော့ ကလေးလည်း ကျောင်းမတက်ရဘူးလေ။ ဒီနှစ်တော့ ကလေးတွေအခြေအနေ ဘယ်လိုဆက်လုပ်ရမလဲ မသိသေးဘူး။ ရန်ကုန်ကျောင်းကို ပြောင်းဖို့တော့ စီစဉ်နေတယ်” လို့ အဲဒီ့ ကျောင်းသားမိဘက ပြောပါတယ်။
ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေဟာ ဒေသတွင်းမှာ ပြန့်ကျဲနေတာကြောင့် ကလေးတွေကို ပညာသင်ကြားဖို့ မလုပ်ဆောင်နိုင်သေးဘူးလို့ ဒေသတွင်းမှာ စစ်ဘေးရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“အခုက စစ်ဘေးရှောင်တွေက တစ်နိုင်ငံလုံး ပြန့်ကျဲနေတယ်လို့ ပြောလို့ရတယ်။ မြို့တစ်မြို့ထဲက စစ်ရှောင်တွေတောင် နီးစပ်ရာပြေးကြတာဆိုတော့ စစ်ရှောင်စခန်းတွေဘာတွေလည်း မဖွင့်ရဲဘူး။ ဒီကာလမှာတော့ ကျောင်းတက်ဖို့ထက် အသက်ဘေးလွတ်အောင် အရင်ပြေးနေရတာပေါ့” လို့ အဲဒီ့စစ်ဘေးရှောင်ကူညီနေသူက ပြောပါတယ်။
လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသတွင်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ အမ်း စတဲ့မြို့နယ်တွေက အခြေခံပညာစာသင်ကျောင်းပေါင်း ရာနဲ့ချီပြီး ပိတ်ထားရတာပါ။
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်က ကျောင်းတွေကို တရားဝင်ပိတ်တယ်လို့ မကြေညာထားတဲ့အတွက် ကျောင်းတွေကတော့ ဆက်လက်ဖွင့်ထားဆဲပဲဖြစ်တယ်လို့ မြောက်ဦးမြို့နယ်က အလယ်တန်းပြတစ်ဦးက ပြောပါတယ်။
“ကျောင်းတွေက တရားဝင်မပိတ်ထားဘူး။ သူတို့က ဖွင့်ထားတယ် လာမတက်တာပေါ့။ မတက်ရင် ပျက်ကွက်ဆိုပြီးပဲ တင်ကြတယ်” လို့ ၎င်းကျောင်းဆရာက ပြောပါတယ်။
စစ်ကောင်စီရဲ့ ပြည်နယ်ပညာရေးရုံးကတော့ လာမယ့် မတ်လမှာ ကျင်းပဖို့ရှိနေတဲ့ တက္ကသိုလ်ဝင်စာမေးပွဲအတွက် ရခိုင်ပြည်နယ်က ကျောင်းသားတွေကို စာစစ်ဌာန ပြောင်းလဲဖြေဆိုခွင့်ပြုမယ်လို့ ယခုနှစ်စပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းရှစ်သောင်းကျော် ထပ်တိုးလာပြီး အရင်ရှိခဲ့တဲ့ စစ်ဘေးရှောင်အရေအတွက်နဲ့ ပေါင်းပါက ဒေသတွင်းမှာ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း သုံးသိန်းသုံးသောင်းကျော်ထိ ရှိလာပြီဖြစ်တယ်လို့ ရခိုင်ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စစ်ဘေးရှောင်အကူညီပေးရေး အဖွဲ့တွေက ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
ပုံစာ – မောင်တောက အခြေခံပညာကျောင်းမှာ ယခုစာသင်နှစ်အတွက် ကျောင်းတွင်းစာမေးပွဲ ဖြေဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူများ
ဓာတ်ပုံ – ရခိုင်ပြန်နယ် ပြန်/ဆက်

