မိုးမိတ်-၂၀၂၄ ဇန်နဝါရီ ၃၁ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့ကို စစ်ကောင်စီတပ်တွေပြန်ထိန်းချုပ်ပြီးနောက် ဒေသခံတွေရဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းတွေခိုးယူတာနဲ့ ဖမ်းဆီးတာတွေလုပ်ဆောင်နေတာကြောင့် မိုးမိတ်မြို့ခံတွေ မြို့ထဲကို ပြန်မဝင်ရဲကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မိုးမိတ်မြို့ကို KIA၊ ABSDF နဲ့ PDFပူးပေါင်းတပ်ဖွဲ့တွေက အခုလ ၁၈ ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂၅ ရက်မှာ ပြန်ဆုတ်ခွာသွားခဲ့တာပါ။
KIA ပူးပေါင်းတပ်တွေပြန်ဆုတ်ခွာပြီး နှစ်ရက်အကြာမှ စစ်ကောင်စီတပ်ဟာ မိုးမိတ်မြို့တွင်းကို ပြန်ဝင်ရောက်လာတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“လူတွေလည်းပစ်တယ်၊ ဖမ်းတယ်၊ အိမ်တွေလည်းဖောက်တယ်။ ကုန်စုံဆိုင်တွေ ဖုန်းဆိုင်တွေဆိုလည်း စစ်ဖြစ်မယ်မထင်တော့ ကြိုမပြင်ထားလိုက်ရဘူး။ ပစ္စည်းတွေအများကြီးကျန်တာ။ အဲဒါတွေဖောက်ပြီး ပစ္စည်းတွေယူ၊ တန်ဖိုးရှိတာတွေအကုန်ယူနေကြတာ။ အခုက အိမ်တွေကို ဒီတိုင်းသက်သက်မီးလိုက်ရှို့နေတာ” လို့ မိုးမိတ်မြို့ခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မိုးမိတ်မြို့ လက်ခုတ်တန်းရပ်ကွက်က ဒေသခံတွေရဲ့ နေအိမ်နှစ်ဆယ်ကျော်ကိုလည်း စစ်ကြောင်းပြန်ဝင်လာပြီး နောက်တစ်ရက်ဖြစ်တဲ့ ၂၈ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူကပြောပါတယ်။
မိုးမိတ်မြို့မဈေးလည်း အခုလ ၁၉ ရက် ညပိုင်းက တိုက်ပွဲအတွင်း ဗုံးကြဲခံရပြီး မီးလောင်လို့ ဈေးဆိုင်ခန်းအများအပြားပျက်စီးသွားခဲ့ပါသေးတယ်။
မိုးမိတ်မြို့ပေါ်တိုက်ပွဲအတွင်း ပိတ်မိလို့ ကျန်ခဲ့သူတချို့နဲ့ ထွက်မပြေးဘဲ အိမ်စောင့်ကျန်ခဲ့ကြတဲ့ ဒေသခံတွေကိုလည်း စစ်ကောင်စီတပ်တွေပြန်ဝင်လာပြီးနောက် ဖမ်းဆီးတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“စတိုက်တဲ့နေ့ကတည်းက ပိတ်မိတဲ့သူတွေရှိတယ်။ တချို့လည်း ထွက်ပြေးလို့ရသွားတယ်။ တချို့ကကျတော့ အိမ်တွေမှာနေခဲ့တာ။ သွားကယ်ထုတ်တာတောင် မလိုက်ဘူး။ အခုစစ်တပ်ဝင်တော့ အဲဒီနေခဲ့တဲ့သူတွေ ဒုက္ခရောက်တာ။ ငါတို့တော့ မပြန်ရဲသေးဘူး။ အခြေအနေစောင့်ကြည့်ဦးမယ်” လို့ သူကဆိုပါတယ်။
မိုးမိတ်မြို့ပေါ်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေ အထိနာခဲ့လို့ မြို့ထဲကို လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာတွေကြောင့် အရပ်သားလေးဆယ်ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများသလို မြို့တွင်းမှာလည်း အပျက်အစီးများနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေနဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ မိုးမိတ်မြို့ကို စစ်တပ်က ပြန်ထိန်းချုပ်ထားပြီး ဒေသခံတွေပြန်နေထိုင်နိုင်ရေးအတွက် ရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေလုပ်ဆောင်နေပြီလို့ ဆိုထားပါတယ်။
မိုးမိတ်ဒေသခံအများစုကတော့ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာတွေနဲ့ ဒေသခံတွေကို ဖမ်းဆီးတာတွေလုပ်ဆောင်နေတာကြောင့် လက်ရှိအချိန်အထိ နီးစပ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံအနှံ့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်ဦးရေဟာ ၂ ဒဿမ ၆ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အခုလ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။
ပုံစာ-မိုးမိတ်မြို့ပေါ်တိုက်ပွဲတွေအတွင်း မီးလောင်ပျက်စီးသွားတဲ့ ဒေသခံတွေရဲ့ နေအိမ်၊ဆိုင်ခန်းများ။
ဓာတ်ပုံ-ဓမ္မပါလ အရှင်စိန္တိတ။

