ဖရဲကားတွေ လားရှိုး-မူဆယ်လမ်းကြောင်းကို စမ်းလွှတ်ပေမယ့် ပြန်လှည့်လာရ

ဖရဲကားတွေ လားရှိုး-မူဆယ်လမ်းကြောင်းကို စမ်းလွှတ်ပေမယ့် ပြန်လှည့်လာရ

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၃ (မော်ကွန်း)

ဖရဲသီးကုန်သည်တွေဟာ ယခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ်လမ်းကြောင်းကနေ တရုတ်နိုင်ငံကို ဖရဲသီးတွေ စမ်းသပ်တင်ပို့ခဲ့ပေမယ့် လမ်းတွေပိတ်ထားဆဲဖြစ်တာကြောင့် ပြန်လှည့်လာခဲ့ရတယ်လို့ ဖရဲကုန်သည်တွေကပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ယာယီအပစ်အခတ်ရပ်စဲထားတဲ့ ကာလမှာ ကုန်သည်တွေဟာ မူဆယ်ဘက်ကို အခုလို အရဲစွန့်ပြီး တင်ပို့ဖို့ လုပ်ဆောင်လာတာပါ။

ယခုလ ၁၉ ရက်က မန္တလေးကနေ လားရှိုး-မူဆယ်လမ်းကြောင်းကို ဖရဲသီးကား ၁၂ စီးကို စတင်စမ်းသပ်ပြီး စေလွှတ်ခဲ့ရာမှာ ဖရဲကားတွေ ပြန်လှည့်လာရတယ်လို့ အဲ့ဒီ တင်ပို့မှုမှာ ပါဝင်တဲ့ ဖရဲကုန်သည်တစ်ဦးက ပြောပါတယ်။

ရှမ်းမြောက် လမ်းကြောတစ်လျှောက်မှာ လားရှိုးမြို့အထိပဲ သွားလို့ရနေသေးပြီး လားရှိုးကနေ မူဆယ်ကိုတက်တဲ့ လမ်းကြောင်းတွေကတော့ ဒီနေ့အချိန်ထိ ပိတ်နေဆဲဖြစ်တယ်လို့ အဲ့ဒီဖရဲကုန်သည်က ပြောပါတယ်။

“အဲ့ဒီလမ်းကို တစ်နေ့ကောင်းနိုး တစ်နေ့ကောင်းနိုးနဲ့ အားလုံးက မျှော်လင့်နေတာ။ လမ်းဖွင့်တဲ့ သတင်းတွေကလည်း ကောလာဟလတွေကများတော့ ဘာယုံရမလဲမသိတော့ စမ်းပြီးတော့ ပို့ကြည့်တာ အဆင်မပြေပါဘူး၊ မအောင်မြင်ဘူးပေါ့။” လို့ အဲ့ဒီ ဖရဲကုန်သည်က ပြောပါတယ်။

ရှမ်းမြောက်ဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်ခဲ့တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသတစ်ခုလုံး တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေလည်း ပြတ်တောက်သွားခဲ့ပါတယ်။

ဒါ့အပြင် လားရှိုးကနေ မူဆယ်ကို တက်တဲ့လမ်းပေါ်က နမ္မတူ၊ မန်တုံ၊ မုန်းဝီး အစရှိတဲ့ မြို့တွေဟာ လက်ရှိမှာ မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရောက်ရှိနေတာပါ။

ရှမ်းမြောက်ဒေသက ကုန်တင်ယာဉ်မောင်းတစ်ဦးကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကတော့ မူဆယ်-လားရှိုးလမ်းကို စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ အသုံးပြုလို့ရအောင် နှစ်ဘက်လက်နက်ကိုင်တွေ သဘောတူညီချက်နဲ့ တစ်ကြိမ် လမ်းပြန်ဖွင့်ပေးခဲ့ပြီး အဲ့ဒီနောက်ပိုင်း တစ်ကြိမ်မှ ပြန်မဖွင့်ပေးသေးဘူးလို့ ပြောပါတယ်။

“လားရှိုးမှာ မူဆယ်တက်ဖို့ စောင့်နေကြသူတွေ အများကြီးပဲ။ လမ်းပြန်ဖွင့်ပေးဖို့ကတော့ သူတို့ နှစ်ဖက်အဖွဲ့အစည်းက သဘောတူညီချက်နဲ့ တရားဝင်ဖွင့်ပေးမှပဲ ပေးတက်မယ့်ပုံစံရှိတယ်။ ကောလာဟလနဲ့ တက်လာတဲ့ ကားတွေတော့ ရှိတယ်၊ တက်မရလို့ ပြန်ဆင်းသွားတဲ့သူတွေလည်း အများကြီးပဲ” လို့ ၎င်းကုန်တင်ယာဉ်မောင်းက ပြောပါတယ်။

ပြည်တွင်းက ဖရဲသီးကုန်သည်တွေဟာ လားရှိုး-မူဆယ်လမ်းကြောင်းပိတ်နေတာကြောင့် နောက်ထပ် တရုတ်နိုင်ငံဝင်ပေါက်တစ်ပေါက်ဖြစ်တဲ့ မိုင်းလားလမ်းကနေ တင်ပို့မှုတွေရှိပေမယ့် ခရီးဝေးလွန်းတာ၊ ကုန်ပစ္စည်းကြန့်ကြာတာတွေကြောင့် အဲ့ဒီလမ်းကြောင်းကလည်း အဆင်မပြေဖြစ်နေကြပါတယ်။

လက်ရှိမှာ ပြည်တွင်းက စိုက်ပျိုးထုတ်လုပ်လာတဲ့ ဖရဲသီးတွေဟာ ပြည်ပဈေးကွက်မရှိတာကြောင့် ပြည်တွင်းဈေးကွက်မှာပဲ ရောင်းချနေကြရပြီး ဈေးကွက်ထဲမှာလည်း ရောင်းလိုအားများနေတာကြောင့် ဖရဲဈေးကျဆင်းနေပါတယ်။

ပုံစာ – လားရှိုး-မူဆယ် လမ်းမပိတ်ခင်က ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို ဝင်လာတဲ့ သစ်သီးဝလံကားတွေကို မြင်တွေ့ရစဉ်

ဓာတ်ပုံ – ခွာညိုသစ်သီးပွဲရုံ

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."