ယင်းမာပင်-၂၀၂၄ မေ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာလို့ စစ်ဘေးရှောင်စခန်းတွေမှာ အမိုးအကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ်တွေမှာ မိုးရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့တာပါ။
“စစ်ရှောင်ကတော့ မိုးအရမ်းရွာတဲ့အခါကျတော့ မိုးကာမလုံလောက်ဘူးပေါ့ဗျာ။ စစ်ရှောင်စခန်းတွေမှာ မိုးကာတွေမလုံလောက်တဲ့ကိစ္စက သက်ကြီးရွယ်အိုတွေကော ညရွာရင် ညမအိပ်ရဘူး၊ နေ့ရွာရင် နေ့မအိပ်ရဘူး။ အဲဒီလိုအခြေအနေတွေကိုတော့ ကျွန်တော်တို့နဲ့နီးစပ်တဲ့ တော်တော်များများ စစ်ရှောင်စခန်းတွေမှာ ကြုံရတယ်။ စားနပ်ရိက္ခာထပ် မိုးကာပိုအရေးကြီးနေတယ်လို့ ပြောလို့ရတယ်” လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီဝင် ကိုလွမ်းသူကပြောပါတယ်။
အဲဒီအပြင် တချို့စစ်ရှောင်စခန်းတွေအနီးက ချောင်းတွေ၊ မြောင်းတွေကလည်း မိုးများလို့ရေကြီးတဲ့အတွက် ယာယီတံတားတွေပျက်စီးပြီး စားနပ်ရိက္ခာမပို့နိုင်တာတွေလည်း ကြုံနေရတယ်လို့ ကိုလွမ်းသူက ဆိုပါတယ်။
“ချောင်းတွေမြောင်းတွေ ရေကျလာတဲ့အခါမှာ ယာယီတံတားတွေလည်းပျက်တော့ အဲဒီအပေါ်မှာ အချိန်မီစားနပ်ရိက္ခာပို့နိုင်တဲ့အခြေအနေ နည်းတယ်ပေါ့ဗျာ။ နောက်တစ်ခုက ဒီလိုနေတဲ့အခါမှာ မိုးကာမရတဲ့နေရာတွေမှာ မိုးကာမလိုတဲ့ တချို့လုံခြုံတဲ့နေရာကို အပြုံလိုက်ကြီးစုနေရတာပေါ့။ ဘယ်သူမှအိပ်မရဘူး။ ငုတ်တုတ်ထိုင်ရတာတွေရှိတာပေါ့” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီစတဲ့မြို့နယ်တွေထဲမှာ နေ့စဉ်နီးပါးမိုးရွာသွန်းနေလို့ စစ်ဘေးရှောင်တွေဟာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ စုပြုံနေရတယ်လို့ အဲဒီဒေသတွေက စစ်ရှောင်အရေးကူညီနေသူတွေက ဆိုပါတယ်။
အခုလ ၁ ရက်တုန်းကလည်း စစ်ကိုင်းတိုင်းအတွင်း လေပြင်းတိုက်လို့ ယင်းမာပင်၊ ဆားလင်းကြီးအပါအဝင် မြို့နယ်တချို့က စစ်ရှောင်တဲတွေအပါအဝင် လူနေအိမ် အများအပြား ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ညနေပိုင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်တချို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်သလို မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာ၊ မိုးသီးကြွေတာတွေပါဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။
ပုံစာ-အခုလ အစောပိုင်းက လေပြင်းတိုက်လို့ ပျက်စီးသွားတဲ့ ဆားလင်းကြီးမြို့နယ်ထဲကနေအိမ်တချို့။
ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ။

