ဟိုပုံး – ၂၀၂၄ ဇန်နဝါရီ ၂၂ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO/PNA) နဲ့ ပအို့အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA) တို့ မနေ့ကဖြစ်ပွားခဲ့တဲ့ ထိတွေ့မှုကြောင့် ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ မုဲင်းကောင်တောင်တကြောက ပအိုဝ်းရွာတွေ စစ်ရှောင်နေကြရတယ်လို့ ဒေသခံဆီကသိရပါတယ်။
“မုဲင်းကောင်တကျော က ရွာတော်တော်များများ ဒေသခံက ရှောင်နေကြတယ်၊ အထူးသဖြင့် မိန်းကလေးနဲ့ သက်ကြီးရွယ်အိုတွေ.. မြို့ဘက်၊ ဆွေမျိုးအိမ်၊ ဟိုပုံးမြို့ ဖါလွိုင်ဘုန်းကြီး ကျောင်းမှာ ရှောင်သွားကြတယ်၊ ယောင်္ကျားလေးတွေကတော့ ရွာစောင့်နေကြတယ်”လို့ ဒေသခံကပြောပါတယ်။
မဲနယ်တောင်ဒေသဟာ ပအိုဝ်းပြည်သူ့စစ် (PNO) ခေါင်းဆောင် ဦးအောင်ခမ်းထီခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်တပ်လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့တွေထိန်းချုပ်ရာဒေသဖြစ်ပြီး ဒေသခံအများစုဟာ ဘိန်းစိုက်တောင်သူတွေဖြစ်ကာ ဆင်းရဲကြပါတယ်။
မနေ့က ပအိုဝ်းပြည်သူ့စစ်နယ်မြေထဲကို ဖြတ်သန်းလာတဲ့ PNLA တပ်ဖွဲ့တွေနဲ့ ပအိုဝ်းပြည်သူစစ်-အာဏာသိမ်းစစ်တပ်တို့ မဲနယ်တောင်ဒေသထဲက စံဖူးရွာမှာ ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပြီး ပေါက်ကွဲမှုတွေပါဖြစ်တာကြောင့် ဒေသခံနေအိမ်တချို့ပါ မီးလောင်ပျက်စီးခဲ့ရကာ လူသေဆုံးမှုတွေလည်းရှိနေပါတယ်။
ဒီနံနက်မှာတော့ ပအိုဝ်းပြည်သူ့စစ်ခေါင်းဆောင်တွေ မဲနယ်တောင်ဘက်ကိုဆင်းလာပြီး စံဖူးရွာက မီးလောင်ပျက်စီးခဲ့ရတဲ့နေအိမ်တွေ၊ စစ်ရှောင်တွေကို ထောက်ပံ့ရေးပစ္စည်းတွေလာပေးခဲ့ကာ သူတို့နဲ့အတူ စစ်ကားအစီးရေ ၂၀ လောက်ပါ အင်အားဖြည့်လာခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။
ဒေသခံတွေကတော့ ပအိုဝ်းစစ်တပ်နှစ်ခုအကြား တင်းမာမှုတွေကြောင့် စိုးရိမ်နေကြပြီး ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တွေဟာ PNLA ရဲ့ အရာရှိတချို့ကို ဖမ်းဆီးပြီး ဒီကနေ့နံနက်မှာတော့ အဖမ်းခံထားရတဲ့ PNLA တောင်ကြီးမြို့ဆက်ဆံရေးတာဝန်ခံအပါအဝင်သုံးဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသမှာ အခြေစိုက်တာဖြစ်ပါတယ်။
ပုံစာ – တိုက်ပွဲအတွင်း မီးလောင်ခဲ့ရတဲ့ စံဖူးရွာနေအိမ်အချို့
ဓါတ်ပုံ – Khun Thein Pe

