ဇေယျာမြင့်၊ ဒီဇင်ဘာ-၂၄
ယနေ့အထိ ထောင်ခဲ့ပြီးသား နိုင်ငံအနှံ့က မြေမြုပ်မိုင်းတွေကို ရှင်းဖို့တောင် အချိန် နှစ် ၂၀ လောက်ယူရမှာ ဖြစ်တဲ့အတွက် ဒါတွေကို ဆက်လက်အသုံးမပြုကြဖို့ လိုတယ်လို့ မြေမြုပ်မိုင်းအသုံးပြုမှုလေ့လာရေး သုတေသီ ဒေါက်တာ ယေရွှာမိုဆာ ပန်စူဝန်က ပြောပါတယ်။
ယခုအခါ အစိုးရက မိုင်းရှင်းလင်းရေးကျွမ်းကျင်တဲ့ နိုင်ငံတကာအဖွဲ့အစည်း သုံးဖွဲ့ကို တစ်ချို့ပြည်နယ်တွေမှာ မြေမြုပ်မိုင်း စစ်တမ်းကောက်ယူဖို့ ခွင့်ပြုထားပေမယ့် ပေါက်ကွဲပစ္စည်းတစ်ခုခုရှိတယ်လို့ တွေ့ရှိရင်တောင် ဒီအဖွဲ့တွေအနေနဲ့ အသိပေး ဆိုင်းဘုတ်တွေ ကပ်ဖို့ အခွင့်မရသေးဘူးလို့ သူက ပြောတယ်။
” နိုင်ငံတကာက ကူမယ်ဆို အဆင်သင့်ပဲ။ ဒါပေမယ့် အစိုးရက စေတနာမှန်မှန်နဲ့ အရင်လုပ်ပြရင် နိုင်ငံတကာက ကူမယ်။ အစိုးရက လုပ်ပြလေ၊ နိုင်ငံတကာက Budget (ရန်ပုံငွေ) ပိုကျနိုင်လေ၊ မိုင်းရှင်းဖို့အတွက် ပိုပြီး အချိန်နည်းလေပါပဲ” လို့ စကားပြန်ကတဆင့် သူက ရှင်းပြတယ်။
ဒီနိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုက အနည်းဆုံး မြို့နယ်ပေါင်း ၉၀ က မိုင်းအန္တရာယ်ရှိနေတယ်လို့ သူက ပြောပြတယ်။
စစ်ဘေးရှောင်စခန်းတွေက ဒုက္ခသည်တွေနေရပ်မပြန်နိုင်တဲ့ ကိစ္စတစ်ရပ်ထဲမှာ သူတို့ အပြန်လမ်းတွေတစ်လျောက် မြေမြုပ်မိုင်းတွေ ရှိနေတာလည်း ပါတယ်လို့ ဒေါက်တာ ယေရွှာမိုဆာပန်စူဝန်က ပြောပါတယ်။
ဒီဒုက္ခသည်တွေကို မြေမြုပ်မိုင်းရှင်းလင်းရေးမလုပ်ပေးဘဲ သူတို့နေရပ်ကို ပြန်ခိုင်းခဲ့ရင် ” ဒါက တော်တော် တာဝန်မဲ့တဲ့ လုပ်ရပ်ပါ” လို့ သူက ဝေဖန်တယ်။
မြန်မာနိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံပြီးနောက် ဒုတိယ မိုင်းအန္တရာယ်အမြင့်ဆုံးနိုင်ငံအဖြစ် မြေမြုပ်မိုင်းအသုံးပြုမှု စောင့်ကြည့် လေ့လာရေး အစီရင်ခံစာမှာ ဖော်ပြခံရတယ်။
မြေမြုပ်မိုင်းရှင်းလင်းရေးဆောင်ရွက်နေသူတစ်ဦး။ ဓါတ်ပုံ-ICBL ဖေ့ဘွတ်
#mawkun #magazine #chronicle #dailynews