ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၂ (မော်ကွန်း)
ဖရဲသီးပေါ်ချိန်ဖြစ်ပေမယ့် ပြည်ပဈေးကွက်မရှိတာကြောင့် ဖရဲဈေးကောင်းမရဖြစ်နေတယ်လို့ ကုန်သည်တွေနဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူတွေက ပြောပါတယ်။
ရန်ကုန်မှာ ဖရဲနဲ့ သစ်သီးဝလံကုန်စည်ဒိုင်ဖွင့်လှစ်ထားတဲ့ ကုန်သည်တစ်ဦးကတော့ လက်ရှိမှာ ရန်ကုန်ကို ဝင်လာတဲ့ ဖရဲသီးကားအရေအတွက်ဟာ ဈေးကွက်က ဝယ်ယူနိုင်တဲ့ပမာဏထက်များနေပြီး ဈေးကလည်း မနှစ်ကထက် နှစ်ဆနီးပါး ကျဆင်းနေတယ်လို့ ပြောပါတယ်။
အရင်က ရန်ကုန်ဈေးကွက်မှာ ဖရဲသီး ၁၂ ဘီးကားတစ်စီးကို ကျပ် သိန်း ၆၀ အနည်းဆုံးပေါက်ဈေးရှိပေမယ့် အခုကာလမှာတော့ ကျပ် ၃၅ သိန်းဝန်းကျင်ထိပဲ ရှိတယ်လို့ ပြောပါတယ်။
“အဝင်က ရန်ကုန်ဈေးကွက်ရဲ့ ဖြုန်းနိုင်အားထက်ကို နှစ်ဆလောက်ဖြစ်နေတယ်။ အခုမနက် ၁၀ စီးဝင်လာတယ်ဆိုရင် အထွက်က နှစ်စီး၊ သုံးစီးလောက်ပဲ။ ဒီထဲမှာ လာပုံနေတာ” လို့ ရန်ကုန်မြို့ ဘုရင်နောင်သစ်သီးဝလံ ကုန်စည်ဒိုင်က ကုန်သည်တစ်ဦးက ပြောပါတယ်။
ပြည်တွင်းဖရဲသီးတွေရဲ့ အဓိက ဈေးကွက်တစ်ခုဖြစ်တဲ့ တရုတ်နယ်စပ်လမ်းကြောင်းတွေ ပိတ်နေတာကြောင့်လည်း ကုန်သည်အများစုဟာ ရန်ကုန်ဈေးကွက်မှာပဲ ထိုးရောင်းလာကြရတယ်လို့ သူက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေ လက်ရှိအချိန်ထိ ပိတ်ထားရဆဲဖြစ်ပြီး ပြည်တွင်းက ဖရဲသီးအပါအဝင် သစ်သီးဝလံတွေကို ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသလမ်းကြောင်းကနေ တင်ပို့မှုတွေ ရှိပေမယ့် လမ်းကြောင်းဝေးလွန်းတာ၊ ကုန်ကျစရိတ်တွေ များလွန်းတာကြောင့် တွက်ချေမကိုက်ကြဘူးလို့ ကုန်သည်တွေက ပြောပါတယ်။
“ ကားခရော ပို့ကုန်အခွန်တွေ ထောက်ခံချက်တွေအပြီး မိုင်းလားဟိုဘက်အရောက်ကို သိန်းရာနဲ့ချီပြီး အရင်စိုက်ထား ရင်းထားရမှာ။ ဒါတောင် ဟိုဘက်က အပယ်တွေများသွားရင် ပစ်လိုက်ရရော။ အဲ့ဒါကြောင့် အဲ့ဒီဘက်က သိပ်မပို့ရဲကြဘူး။ ပို့တော့ ပို့နေတဲ့ သူတွေရှိပါတယ်။ သိပ်များများ မပို့နိုင်ဘူး” လို့ မိုင်းလားနယ်စပ်လမ်းကြောင်းကနေ ဖရဲသီးနဲ့ သစ်သီးဝလံ တင်ပို့နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
ပြည်တွင်းမှာ မနှစ်က ဖရဲသီးဈေးကောင်းရထားတဲ့အတွက် စိုက်ပျိုးသူများပေမယ့် ဈေးကွက်မရှိတာကြောင့် စိုက်ပျိုးတဲ့ တောင်သူတွေလည်း အရှုံးပေါ်နေတယ်လို့ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်က ဖရဲစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
“မနှစ်က ဈေးကောင်းရထားတော့ ဒီနှစ် ပိုစိုက်ကြတယ်။ အရင်က ၁၀ ဧက စိုက်တဲ့သူက ဧက ၂၀၊ ၃၀ လောက် တိုးစိုက်လာတယ်။ အခု ဖရဲပေါ်တဲ့အချိန်ကျတော့ ရောင်းစရာဈေးကွက်ကမရှိဘူး။ စိုက်ပျိုးစရိတ်မရှုံးအောင်ပဲ ရှိတဲ့ ဈေးကွက်ကို ထိုးရောင်းရမှာပေါ့” လို့ ၎င်း ဖရဲစိုက်တောင်သူက ပြောပါတယ်။
ပြည်တွင်းမှာ နှစ်စဉ် အောက်တိုဘာလကနေ မေလကုန်အထိ ဖရဲသီးလှိုင်လှိုင်ပေါ်တဲ့ ရာသီဖြစ်ပြီး မူဆယ် ၁၀၅ မိုင် မပိတ်ခင်က နေ့စဉ် ဖရဲကား စီးရေ ၁၀၀ ခန့် တရုတ်နိုင်ငံဘက်ကို ဝင်ရောက်နေတာပါ။
ယခုလ ၁၁ ရက်က ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ညီနောင်တပ်တွေ ယာယီအပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပေမယ့် ကုန်သွယ်ရေးဂိတ်တွေကိုတော့ လက်ရှိအချိန်ထိ ပြန်မဖွင့်နိုင်သေးပါဘူး။
ပုံစာ- မိုင်းလားမှတစ်ဆင့်တရုတ်ပြည်ကို တင်ပို့မည့် ဖရဲ၊သခွားမွှေးကားတစ်စီးကို တောင်ကြီး-ကျိုင်းတုံလမ်းမပေါ်က ခိုလန်မြို့တွင် ရပ်နားထားသည်ကို တွေ့ရစဉ်။
ဓါတ်ပုံ- မော်ကွန်း

