ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁၉ (မော်ကွန်း)
ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီ အပစ်ရပ်ထားတဲ့ ကာလအတွင်း လားရှိုးမြို့ပေါ်ကစစ်ဘေးရှောင် ၇,၀၀၀ နီးပါး နေရပ်အသီးသီးကို ပြန်သွားတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။
ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း စစ်ဘေးရှောင်ဦးရေ ၉,၀၀၀ ကျော် လားရှိုးမြို့မှာ လာရောက်ခိုလှုံခဲ့ရပြီး လက်ရှိမှာတော့ စစ်ဘေးရှောင် ၂,၀၀၀ ခန့်ပဲ မြို့ပေါ်မှာ ကျန်ရှိနေတော့တာပါ။
အဲ့ဒီ ကျန်ရှိနေသေးတဲ့ စစ်ဘေးရှောင်တွေဟာ လားရှိုးမြို့က မန်ဆူကျောင်းတိုက်၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဆက်လက်ခိုလှုံနေကြပါတယ်။
နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင် ၂,၀၀၀ ခန့်ဟာ ဒေသတွင်း ဆက်သွယ်ရေးလမ်းကြောင်းတွေ အဆင်မပြေသေးတာ၊ ဒေသရဲ့ လုံခြုံရေးအခြေအနေစိတ်မချရသေးတာ၊ နေအိမ်တွေ ပျက်စီးသွားတာတွေကြောင့် နေရပ်မပြန်နိုင်သေးတာလို့ ဆိုပါတယ်။
“အချို့ရွာတွေက မီးလောင်ကုန်တာတွေ ကြောင့် ပြန်လို့ မရတော့ဘူး။ အချို့ကျတော့ ပြန်မယ့်လမ်းက တံတားတွေ ကျိုးနေသေးတော့ ပြန်မရတာတွေရှိတယ်။ အချို့ရွာတွေဆိုလည်း အခုထိ စစ်ဆိုင်ထားတဲ့ အနေအထားမှာ တပ်တွေကြားမှာ ရောက်နေတဲ့ အနေအထားဆိုတော့တော့ မပြန်ရဲတာတွေလည်းရှိတယ်” လို့ အဲ့ဒီ စစ်ဘေးရှောင် ကူညီနေသူက ပြောပါတယ်။
TNLA က ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်ဒေသက နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံနဲ့ နမ့်ခမ်းမြို့ အစရှိတဲ့ မြို့နယ်တွေ စစ်ဘေးရှောင်တွေကတော့ အခုအပစ်ရပ်ကာလမှာ နေရပ်တွေကို ပြန်နေကြပြီလို့ အဲ့ဒီဒေသခံတွေက ပြောပါတယ်။
“နမ္မတူကတော့ တော်တော်များများတော့ ပြန်နေကြပါပြီ။ ဒါပေမယ့် တချို့လည်း မန္တလေးတို့ ပြင်ဦးလွင်တို့ထိ ဆင်းသွားတဲ့သူတွေတော့ ပြန်မလာသေးဘူး။ အနီးအနားက ရှောင်သွားတဲ့သူတွေတော့ အားလုံးနီးပါး ပြန်နေပါပြီ” လို့ နမ္မတူမြို့ခံတစ်ဦးက ပြောပါတယ်။
ကွတ်ခိုင်မြို့နယ်က ဒေသခံ တစ်ဦးကတော့ TNLA က မြို့ကို ထိန်းချုပ်ထားပြီး စစ်ဘေးရှောင်သွားတဲ့ ဒေသခံတွေကို ပြန်လာဖို့ ဖိတ်ခေါ်ထားတယ်လို့ ပြောပါတယ်။
“ TNLA က စစ်ဘေးရှောင်တွေ ပြန်လာလို့ ရတယ်လို့ ပြောထားတယ်။ ဘယ်မှာနေလဲ ဘာညာ နည်းနည်းပါးပါး မေးမြန်းတာတော့ရှိတယ်။ မြို့ထဲမှာတော့ TNLA တပ်တွေ လုံခြုံရေး ယူထားတယ်” လို့ ၎င်း ဒေသခံက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးအစပိုင်းမှာ ရှမ်းမြောက်ကိုးကန့်ဒေသ လောက်ကိုင်၊ ကုန်းကြမ်း အစရှိတဲ့ မြို့တွေက ရွေ့ပြောင်းလုပ်သား လေးသောင်းကျော်ဟာ “ဝ” ဒေသ နမ့်တစ်မြို့ကို ထွက်ပြေးခိုလှုံခဲ့ကြပြီး ဒုက္ခသည်တွေကို UWSA က အကူအညီပေးထားတာပါ။
ယခုလ ၁၅ ရက်မှာတော့ အဲ့ဒီ ဒုက္ခသည်စခန်းတွေကို ပိတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ UWSA က ထုတ်ပြန်ခဲ့ပြီး ဒုက္ခသည်တွေ နေရပ်ပြန်ပို့နေပြီလို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်တွေ ယခုလ ၁၁ ရက်မှာ ယာယီအပစ်အခတ်ရပ်စဲ ကြေညာခဲ့ပြီးနောက်မှာ ဒုက္ခသည်ကူညီရေး အစီအစဉ်တွေကို UWSA က ရပ်ဆိုင်းလိုက်တာပါ။
TNLA နဲ့ MNDAA အဖွဲ့တွေကတော့ သူတို့သိမ်းပိုက်ရရှိထားတဲ့ မြို့နယ်အချို့မှာ ဒေသအုပ်ချုပ်ရေးတွေ စတင်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း အဲ့ဒီ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ စစ်ဘေးရှောင် တစ်သိန်းနှစ်သောင်းနီးပါးရှိခဲ့ပြီး တရုတ်နယ်စပ်၊ ရှမ်းမြောက်က ယာယီခိုလှုံရာနေရာတွေနဲ့ ကချင်ပြည်နယ်၊ မန္တလေးတိုင်းတို့မှာ သွားရောက်နေထိုင်ခဲ့ရတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNOCHA) က ယခုလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ပုံစာ – လားရှိုးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်များ
ဓာတ်ပုံ – Saimo

