ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁၆ (မော်ကွန်း)
ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဒေသမှာ ဒီနေ့လယ်ပိုင်းက စစ်ကောင်စီ ဂျက်ဖိုက်တာတစ်စီးကို ပစ်ချလိုက်နိုင်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မော်ကွန်းကို အတည်ပြုပါတယ်။
“နမ့်ဖတ်ကာ ဘက်မှာ နေ့လယ် ၁၂ နာရီ ဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာတစ်စီးကို ပစ်ချလိုက်နိုင်တဲ့ သတင်းရပါတယ်။ အခုတော့ ဖုန်းလိုင်းအဆက်အသွယ်ခက်တဲ့အတွက် မြေပြင်သတင်းပြည့်ပြည့်စုံစုံကိုတော့ မရသေးပါဘူး။ လေယာဉ်အမျိုးအစားတွေ ဘာညာလည်း မသိရသေးဘူး” လို့ သူက ပြောပါတယ်။
နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ ခလရ ၁၂၃ တပ်ရင်းကို KIA က အပြီးသတ်သိမ်းပိုက်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာပါ။
ယခုလ ၃ ရက်နေ့ကလည်း လိုင်ဇာအနီးမှာ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့ပါသေးတယ်။ KIA အနေနဲ့ တော်လှန်ရေးကာလတစ်လျှောက် စစ်ကောင်စီ ရဟတ်ယာဉ်သုံးစီးနဲ့ ဂျက်ဖိုက်တာတစ်စီး စုစုပေါင်း လေးစီးထိ ပစ်ချလိုက်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ရှမ်းမြောက်ဒေသမှာ ယာယီအပစ်ရပ်သဘောတူညီမှု ရရှိခဲ့ပြီးနောက် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေငြိမ်သက်နေပေမယ့် KIA နဲ့တော့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။
ပုံစာ – ပြီးခဲ့တဲ့နိုဝင်ဘာလက ကရင်နီဒေသမှာ KNDF က ပစ်ချလိုက်တဲ့ စစ်ကောင်စီရဲ့ K-8 လေ့ကျင့်ရေးလေယာဉ်
ဓာတ်ပုံ – NUG ကာကွယ်ရေးဝန်ကြီးဌာန

