ရွှေဘို – ၂၀၂၁ ဇူလိုင် ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာကို မနေ့ညက စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်လို့ ကင်းစောင့်တဲ့ လူငယ်လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဇူလိုင်လ ၁၈ ရက် ဒီကနေ့ နံနက် တစ်နာရီလောက်က စစ်ကောင်စီတပ်ကားတွေ ဆိပ်ခွန်ရွာဘက်ဖြတ်သန်းသွားပြီးနောက် သေနတ်သံများ ဆက်တိုက်ကြားလာရပြီး ဆည်ရေပေးတဲ့ မူးရိုးပေါ်မှာ လူငယ်လေးဦး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။
“ရွာမှာက ကင်းစောင့်တဲ့ လူငယ်လေးတွေရှိတယ်။ သူတို့တွေ အပစ်ခံရတာ။ အကုန်လုံး နှစ်ဆယ်အစိတ်ဝန်းကျင်တွေပါ။”လို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ နံနက်ပိုင်းအထိ လူငယ်တွေရဲ့အလောင်းကို အခင်းဖြစ်ရာ မူးရိုးပေါ်မှာ ချထားဆဲဖြစ်ကြောင်း၊ အလောင်းလာအကောက်မခံသေးကြောင်း ဒေသခံများက ပြောပါတယ်။
စစ်ကားတွေဟာ ဆိပ်ခွန်ရဲ့တစ်ဘက်ကရွာကိုအသွား ဆိပ်ခွန်က ကင်းစောင့်နေတဲ့လူငယ်တွေကို တွေ့ရှိပြီး လိုက်လံပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဆိပ်ခွန်မြောက်စျေးနဲ့ အနီးနား တတ်တူရွာဘက်တွေမှာ လှည့်လည်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆိပ်ခွန်မြို့နယ်ဟာ ရွှေဘိုအနောက်ဘက်က ရွာကြီးတစ်ရွာဖြစ်ပြီး ဝန်ထမ်းလည်းများကြောင်း၊ CDM ပြုလုပ်ကြလို့ စစ်ကောင်စီတပ်တွေ မကြာခဏဝင်ရောက်စစ်ဆေးလေ့ရှိပြီး တိမ်းရှောင်ရလေ့ရှိကြောင်း ဒေသခံများက ပြောပါတယ်။
#Dailynews

