ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေ

ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၁၅ (မော်ကွန်း)

ကုလားတန်မြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ ပလက်ဝမြို့ကို မနေ့က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက်မှာ မြစ်ကြောင်းပေါ်မှာရှိတဲ့ ကျောက်တော်မြို့က စစ်ကောင်စီစခန်းတွေကို AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကျောက်တော်မြို့နယ်က စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၅၃၉) တပ်ရင်းကို ယခုလ ၁၀ ရက်ကစလို့ AA က ဝင်ရောက်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး ဒီနေ့မနက်အစောပိုင်းမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတယ်လို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီ့တပ်ရင်းဟာ စစ်တွေ-ရန်ကုန် ကားလမ်းဘေး ကုန်စောက်တောင်ခြေအနီးမှာတည်ရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အခိုင်အမာ စခန်းတစ်ခုပါ။

စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေပါ ပစ်ခတ်နေပြီး တိုက်ပွဲအခြေအနေကိုတော့ သေချာမသိရသေးဘူးလို့ ကျောက်တော်ဒေသခံတစ်ဦးက ပြောပါတယ်။

“တိုက်ပွဲဖြစ်နေတာတော့ ငါးရက်လောက်ရှိပြီ။ အဲ့ဒီအနီးက ရွာခုနစ်ရွာလောက်ရှိတယ်၊ အဲ့ဒီရွာတွေတော့ စစ်ဘေးရှောင်နေရတယ်” လို့ ၎င်းကပြောပါတယ်။

ယခုလ ၁၃ ရက် ညပိုင်းကလည်း ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အစပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အခိုင်အမာတပ်စခန်းတစ်ခုဖြစ်တဲ့ မီးဝဗျူဟာကုန်းကို AA က အပြီးသတ်သိမ်းပိုက်ထိန်းချုပ်လိုက်ပါတယ်။

AA ဟာ ပလက်ဝမြို့ကို သိမ်းပိုက်လိုက်ပြီး မြို့နယ်ရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးရုံးတွေအရှေ့မှာ AA တပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကိုလည်း ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့ဟာ ရခိုင်ပြည်နယ်ကို စီးဝင်နေတဲ့ ကုလားတန်မြစ်ကမ်းပေါ်မှာ တည်ရှိကာ စစ်ရေးအရ အရေးပါတဲ့ဒေသတစ်ခုလည်းဖြစ်ပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နဲ့လည်း ထိစပ်နေတဲ့ ဒေသဖြစ်ပါတယ်။

လက်ရှိမှာ ပလက်ဝမြို့နယ်မှာ မြို့ပေါ်ကနေ လူဦးရေ နှစ်သောင်းကျော်ဟာ ကုလားတန်မြစ်ကမ်းတွေမှာပဲ စစ်ဘေးရှောင်နေကြရတယ်လို့ ပလက်ဝမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်တုန်းကတော့ ပလက်ဝတိုက်ပွဲဆိုရင် ရွာတွေမှာဖြစ်တာပေါ့။ အခုက မြို့ပေါ်ထိ ပစ်ကြတာ။ မြို့လည်း လက်နက်ကြီးတွေကျတာရှိတယ်။ စစ်ဘေးရှောင်တွေကတော့ ကုလားတန်မြစ်ကြောင်းက ကမ်းနားတွေမှာပဲ၊ သောင်ပြင်တွေမှာပေါ့ အဲ့ဒီမှာပဲ တဲတွေထိုးပြီး နေတယ်” လို့ အဲ့ဒီဒေသခံက ပြောပါတယ်။

ပလက်ဝဒေသအတွင်းက စစ်ကောင်စီရဲ့ ခလရ ၂၈၉ တပ်ရင်းဌာနချုပ်၊ နှမဒါဗျူဟာစခန်းအပါအဝင် ဒေသတွင်းက စစ်ကောင်စီစခန်းတွေကို AA က မနေ့က အပြီးသတ်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီး “စစ်ကောင်စီကင်းစင်နယ်မြေ” အဖြစ် AA က ကြေညာထားပါတယ်။

ဒါ့အပြင် ပလက်ဝမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ သံချပ်ကာကားတွေ၊ အတွဲလိုက်ပစ်ဒုံးတွေ အပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းလိုက်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး တစ်ကျော့ပြန်တိုက်ပွဲပြန်ဖြစ်ပွားကာ တိုက်ပွဲကာလ နှစ်လအကြာမှာ ပလက်ဝမြို့ကို AA က သိမ်းပိုက်လိုက်နိုင်တာပါ။

ယခုရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်က ကျောက်တော်မြို့နယ်အပါအဝင် ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော အစရှိတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ AA အကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ရှမ်းမြောက်ဒေသမှာ အပစ်ရပ်ထားပေမယ့် ရခိုင်ပြည်နယ်ကတော့ အဲ့ဒီ အပစ်ရပ်သဘောတူညီချက်မှာ မပါဝင်သေးတဲ့အတွက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။

ပုံစာ – ပလက်ဝမြို့ကို သိမ်းပိုက်ထားတဲ့ AA တပ်ဖွဲ့ဝင်များ

ဓာတ်ပုံ – AA သတင်းနှင့်ပြန်ကြားရေး

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."