လောက်ကိုင် – ၂၀၂၄ ဇန်နဝါရီ ၁၃ (မော်ကွန်း)
ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA)တို့ တိုက်ပွဲတွေဖြစ်ပွားတဲ့အချိန် မြို့တွင်းနေအိမ်၊ တိုက်ခန်းတွေအားလုံးနီးပါး ဖောက်ထွင်းခံထားရပြီး ဒေသခံမဟုတ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပြန်ပို့တယ်လို့ ပြန်လည်နေထိုင်သူတွေက ပြောပါတယ်။
“အခုလက်ရှိ လောက်ကိုင်မှာရှိသမျှ တိုက်ခန်း၊အိမ်တွေရဲ့ ၁၀၀ မှာ ၉၅ရာခိုင်နှုန်းလောက်ကတော့အကုန်ဖောက်ခံထားရပြီးသားတွေပဲ၊ တိုက်ခန်းတွေဆိုလည်းအကုန်ရိုက်ဖျက်ဖောက်ခံထားရပြီးသားတွေ”လို့ လက်ရှိနေထိုင်နေသူအမျိုးသမီးတစ်ဦးက သူကြုံရတာကိုပြောပါတယ်။
လောက်ကိုင်မြို့မှာ တိုက်ပွဲတွေဖြစ်နေချိန် အုပ်စုဖွဲ့ဂိုဏ်းထောင်ပြီး နေအိမ်ဖောက်ထွင်းတာတွေ၊ ပစ္စည်းခိုးယူ၊ ဓါးပြတိုက်တာတွေပါ ဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။
“သူတို့ကခိုးရင် စီးပွားပျက်အောင်ခိုးတာ၊ အကုန်အပြောင်ခိုးတာ၊ ထိုင်ခုံတွေ၊ ရေခဲသေတ္တာတွေပါခိုးတယ်၊ ဖျက်ဆီးတယ်၊ ဒီဘက်မှာလက်နက်ကတရားဝင်ကိုင်ဆောင်ခွင့်ရှိတာကိုး၊ပြည်သူ့စစ်တွေက တိုက်ပွဲကနေ လက်နက်တွေယူပြီးပြေး၊ သူတို့နဲ့အုပ်စုဖွဲ့ပြီးခိုးကြတယ်၊ လူရှိနေရင်လည်း ခြိမ်းခြောက်ပြီးခိုးကြတယ်”လို့ နောက်ထပ်ဒေသခံတစ်ဦးကပြောပါတယ်။
ဒီလို ခိုးယူမှုတွေလုပ်နေတဲ့အထဲမှာ ရွှေ့ပြောင်းလုပ်ကိုင်ကြသူတွေလည်းပါတယ်လို့ ဒေသခံကပြောပါတယ်။
ဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ လောက်ကိုင်မြို့ကို သိမ်းယူထားတဲ့ ကိုးကန့်တပ်ဖွဲ့(MNDAA) ကို ဒေသခံတွေက တောင်းဆိုကြပြီး MNDAA ဘက်ကလည်း ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူတွေကို ဒေသထဲက ပြန်ပို့ခဲ့ကာ ဖမ်းဆီးတာတွေလည်း လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
MNDAA ကတော့ လောက်ကိုင်မှာ ရွှေ့ပြောင်းလုပ်ကိုင်သူတွေကို တစ်အိမ်တက်ဆင်း ရှာဖွေပြီး ကားကြီးတွေနဲ့ ပြန်ပို့တယ်လို့ ဆိုကြပါတယ်။
” ပြည်သူ့စစ်တွေ၊ စစ်သားတွေက လက်နက်တွေယူပြီး ပြည်သူအယောင်ဆောင်နေကြမှာစိုးတာရယ်၊ ခိုးတဲ့သူများလို့ ပြန်ခိုင်းတာလို့ သိရတယ်၊ တစ်အိမ်တက်ဆင်းလိုက်စစ်ပြီး ပြန်ခိုင်းတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လောက်ကိုင်မှာတော့ အခုအချိန်မှာ မြို့ပေါ်နေထိုင်သူတွေ အများစုပြန်ရောက်လာကြပြီလို့ မော်ကွန်းက ဆက်သွယ်တဲ့ လောက်ကိုင်မြို့ဒေသခံကပြောပါတယ်။
လက်ရှိမှာတော့ ၁၀၂၇ စစ်ဆင်ရေးကိုလုပ်ဆောင်နေတဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်စခန်းတွေကို နေ့စဉ်ရက်ဆက်သိမ်းလာတာဟာ ရှမ်းပြည်မြောက်ပိုင်း အစိုးရရုံးစိုက်တဲ့ လားရှိုးမြို့နဲ့ မဝေးတော့တဲ့ ကွတ်ခိုင်၊ သိန္နီမြို့တွေထိပါ ရောက်လာခဲ့ပါပြီ။
အခုနှစ် ဇန်နဝါရီ ၁၀ နဲ့ ၁၁ ရက်တွေမှာတော့ မြောက်ပိုင်းသုံးဖွဲ့နဲ့ အာဏာသိမ်းစစ်တပ်ဟာ တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ အပစ်ရပ်တယ်လို့ မြောက်ပိုင်းသုံးဖွဲ့ဘက်ကကြေညာထားပါတယ်။
ပုံစာ – လောက်ကိုင်မြို့ လက်ရှိမြင်ကွင်း
ဓါတ်ပုံ – Mawkun Magazine

