ရန်ကုန်၊ ၂၀၂၄ ဇန်နဝါရီ ၄ (မော်ကွန်း)
အင်းစိန်ထောင်မှာ ဒီနေ့လယ်ပိုင်းကစပြီး အကျဉ်းသားတွေကို စတင်လွှတ်ပေးနေပြီဖြစ်ပါတယ်။
လက်ရှိအချိန်ထိ အကျဉ်းသားတွေကိုတင်ဆောင်ထားတဲ့ YBS ကားတွေ အကျဉ်းထောင်ထဲက ထွက်လာတာကို တွေ့ရပါတယ်။
လွတ်မြောက်လာတဲ့အထဲမှာ လက်နက်ဥပဒေပုဒ်မ ၁၉(င)၊ ခိုးဆိုးလုယက်မှုတွေနဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ ပုဒ်မနဲ့ ဖမ်းဆီးခံထားရသူတွေပါဝင်တယ်လို့ အကျဉ်းထောင်အတွင်းက လွတ်လာသူတစ်ဦးက ပြောပါတယ်။
နောက်ထပ်လည်း ထပ်မံလွှတ်ဖို့ကျန်နေသေးတဲ့အတွက် အကျဉ်းသားမိသားစုဝင်တွေဟာ ထောင်အရှေ့မှာ ဆက်လက်စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။
ဒီနေ့မှာကျရောက်တဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးက အကျဉ်းသား ၉,၆၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်ထိတော့ အင်းစိန်အကျဉ်းထောင်ကနေ အကျဉ်းသားဦးရေ ဘယ်လောက်လွှတ်ပေးမယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။
ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားထားတဲ့ အင်းစိန််ထောင်အရှေ့ကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားလုံခြုံရေးယူထားတာကိုလည်း တွေ့မြင်ရပါတယ်။
ဒီနေ့ လွတ်မြောက်လာတဲ့အထဲမှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံထားရသူအရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာတော့ မော်ကွန်းအနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ပုံစာ-လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အင်းစိန်ထောင်မှာ အကျဉ်းကျခံနေရသူတွေကို စတင်လွှတ်ပေးနေစဉ်
ဓာတ်ပုံ – မော်ကွန်း

