မရမ်းကုန်း-၂၀၂၃ ဒီဇင်ဘာ ၂၈ (မော်ကွန်း)
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းနဲ့ ကျိုက်ဝိုင်းဘုရားလမ်ဆုံနားမှာ ဒီနေ့ည ၇ နာရီခွဲဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့တယ်လို့ မရမ်းကုန်းဒေသခံတွေက ပြောပါတယ်။
“ဗုံးပေါက်သံအကျယ်ကြီးပဲ။ ပေါက်ပြီး မကြာဘူးနောက်တစ်လုံးထပ်ပေါက်တယ်။ ခဏနေတော့ သေနတ်သံသုံးချက်ကြားရတယ်။ လူနာတင်ကားတွေကော ကြက်ခြေနီကားတွေကော ဖြတ်သွားတာတွေ့လိုက်တယ်။ အထိအခိုက်တော့ရှိနိုင်တယ်” လို့ မင်းဓမ္မလမ်းအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေ အင်အားအများအပြားလာရောက်ခဲ့ပြီး ကျိုက်ဝိုင်းဘုရားလမ်းနဲ့ မင်းဓမ္မလမ်းဆုံမီးပွိုင့်မှာ လမ်းလေးဘက်လုံးပိတ်ဆို့စစ်ဆေးခဲ့ပြီး လက်ရှိအချိန်မှာတော့ ပြန်ဖွင့်ပေးလိုက်တယ်လို့ ဒေသခံတွေနဲ့ မြေပြင်ကင်းထောက်အဖွဲ့တွေက ဆိုပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုကို မြို့ပြတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ Freeland Attack Force-FLA, Anonymous Fighters Force-AFF နဲ့ Emerald GirlsArmy-EGA အဖွဲ့တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒီနေ့ညပိုင်းတိုက်ခိုက်မှုအပြီးမှာ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီမြို့ပြတော်လှန်ရေးအဖွဲ့တွေဟာ မရမ်းကုန်းမြို့နယ်ထဲက စစ်ကောင်စီတပ်သားတွေရှိနေတဲ့ စက်မှုကြီးကြပ်ရေးနဲ့ စစ်ဆေးရေးဦးစီးဌာနနဲ့ အဲဒီရုံးရှေ့က မော်တော်ပီကယ်ရုံးတို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေတွေကို အသေးစိတ်သိရဖို့ မော်ကွန်းအနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။
မနေ့က နေ့လယ်ပိုင်းကလည်း အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်အနီးမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

