ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၈ (မော်ကွန်း)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်လျက်ရှိပြီး အရပ်သားတွေလည်း ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်ရဲ့ ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံတွေတည်ရှိတဲ့ ရှေးဟောင်းမြို့တော်မြောက်ဦးမှာ ယခုလ ၂၅ ရက်ကစပြီး စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတာပါ။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ မြောက်ဦးမြို့ဒေသခံတွေက ပြောပါတယ်။
AA တပ်ဖွဲ့ဟာ ယခုလ ၂၅ ရက်မှာ မြောက်ဦးခရိုင်ရဲစခန်းကို သိမ်းပိုက်ခဲ့ပြီး ဒီနေ့မနက်ပိုင်းမှာလည်း မြောင်းဘွေကျေးရွာရဲစခန်းကို ဆက်လက်တိုက်ခိုက်နေတာပါ။
မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဇုန်ထဲက အဆောက်အအုံ အချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
မြောက်ဦးမြို့နယ် ဆင်ချဆိပ်ကျေးရွာမှာ လက်နက်ကြီးကျပြီး အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦး မနေ့ကသေဆုံးခဲ့သလို ဒီနေ့မနက်ပိုင်းမှာလည်း မြောင်းဘွေရွာအနီး လေယာဉ်နဲ့ ဗုံးကြဲခံရလို့ ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ မြောက်ဦးမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဒီမနက်က မြောင်းဘွေမှာက လေယာဉ်နဲ့ လာပစ်တယ်။ နှစ်ယောက်သေသွားတယ်ပြောတယ်။ အိမ်တွေမီးလောင်တာ၊ ထိခိုက်ဒဏ်ရာရတာတွေလည်းရှိတယ်။ တိုက်ပွဲဖြစ်နေတုန်းဆိုတော့ အတိအကျတော့ မသိနိုင်သေးဘူး” လို့ အဲ့ဒီဒေသခံက ပြောပါတယ်။
ဒီနေ့မှာတော့ မြောက်ဦးမြို့မှာ လေယာဉ်နဲ့ လာရောက်ပစ်ခတ်နေသလို လက်နက်ကြီးတွေနဲ့လည်း ဆက်တိုက်ပစ်ခတ်နေပြီး မြောက်ဦးမြို့ပေါ်မှာတော့ ဒေသခံထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေကြရပါတယ်။
မြောက်ဦးမြို့မှာ ကျန်ရှိနေသူတစ်ဦးကတော့ “မြို့ပေါ်မှာ အကုန်လူမရှိတော့ဘူး။ ရှိလည်း အိမ်စောင့်တစ်ယောက်နှစ်ယောက်ပဲကျန်တာ။ အကုန်နီးစပ်ရာရွာတွေ တိုက်ပွဲမရှိတဲ့ဘက်တွေ ပြေးကြတယ်” လို့ ပြောပါတယ်။
ယခုလ ၂၅ ရက်ကလည်း မြောက်ဦးမြို့က ရှေးဟောင်းသမိုင်းဝင် ကျောက်စာတိုင်တွေနဲ့ မြောက်ဦးပြတိုက်က ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံအချို့ဟာ လက်နက်ကြီးထိမှန်ပြီး ပျက်စီးခဲ့ပါတယ်။
အဲ့ဒီ ပျက်စီးမှုဟာ စစ်ကောင်စီတပ်ရဲ့ ခမရ ၅၄၀ တပ်နဲ့ ခမရ ၃၇၇ တပ်တို့က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပျက်စီးခဲ့တာလို့ AA လက်နက်ကိုင်အဖွဲ့က စွပ်စွဲထားပြီး အဲ့ဒီအတွက် လက်တုန့်ပြန်တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
AA နဲ့ စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ရခိုင်ပြည်နယ်က ပေါက်တော၊ ရမ်းဗြဲ၊ မင်းပြားနဲ့ မြောက်ဦး မြို့နယ်တို့မှာ မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရပါတယ်။
ပုံစာ – မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရွာမှာ လက်နက်ကြီးထိပြီး သားအမိနှစ်ဦးသေဆုံးနေတဲ့ မြင်ကွင်း
Photo – Supplied

