ထီးချိုင့်-၂၀၂၃ ဒီဇင်ဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ နိုဝင်ဘာ ၈ ရက်ကနေ ဒီနေ့အထိ ၄၅ ရက်အတွင်း စစ်ကောင်စီက လေကြောင်းကနေ အကြိမ်ရေ ၁၅၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေသေဆုံးခဲ့တယ်လို့ ထီးချိုင့်မြို့နယ်အတွင်းက သတင်းတွေထုတ်ပြန်ပေးနေတဲ့ Tigyaing Revolution-TR က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“အရပ်သားပစ်မှတ် ရွာတွေဗုံးကြဲတာမှာ သေဆုံးမှုရှိတာပါ။ ပြည်သူသေဆုံးမှုကတော့ မနေ့က တစ်ဦး သေဆုံးအပါအဝင် ၂၀ နီးပါးရှိလာပါပြီဗျ။ အဓိကတော့ မြို့ထဲတိုက်ပွဲကြောင့် လာကြဲတာပါ။ အဆောက်အဦထိခိုက်မှု အရေအတွက်တော့ အသေးစိတ်မသိရပါဘူး” လို့ သူကပြောပါတယ်။
ထိခိုက်သေဆုံးရတဲ့ ဒေသခံ အရေအတွက်အတိအကျကိုတော့ မော်ကွန်းအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ဒီနေ့လယ် ၁၂ နာရီဝန်းကျင်ကလည်း ဂျက်ဖိုက်တာတစ်စီးနဲ့ ထီးချိုင့်မြို့ထဲကို ဗုံးကြဲတိုက်ခိုက်သွားသေးတယ်လို့ TR က မကြာသေးမီက ထုတ်ပြန်ထားပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
မနေ့က ညနေ ၄ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ ထီးချိုင့်မြို့နယ် ဇီးကုန်းရွာအနီးကို နှစ်ကြိမ်၊ နတ်အင်းစာသင်ကျောင်းအနီးကိုတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို မြို့တွင်းကိုလည်း ဗုံးနှစ်လုံးကြဲချခဲ့ပါသေးတယ်။
ထီးချိုင့်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေ အထိနာလာတာကြောင့် လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေတာလို့ TR က တာဝန်ရှိသူက ဆိုပါတယ်။
“(မြို့ပေါ်မှာ တိုက်ပွဲက) နေ့တိုင်းရှိနေတာ။ (ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံက) ၅,၀၀၀ လောက်ပါဗျ။ နီးစပ်ရာ ရွာတွေမှာ ရှောင်နေကြတာပါ။ စားနပ်ရိက္ခာနဲ့ ဆေးဝါးတော့ လိုအပ်ကြပါတယ်။ NUG ဘက်ကလည်း ထောက်ပံ့ပေးထားပါတယ်” လို့ သူကပြောပါတယ်။
မုံရွာ နမခ၊ တံတားဦး၊ မြစ်ကြီးနား စတဲ့နေရာတွေကို အဆင်းအတက်လုပ်နေတဲ့ Mi-35P တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ YAK-130၊ K8W၊ A5 စတဲ့ ဂျက်ဖိုက်တာ အမျိုးအစားတွေအသုံးပြုတိုက်ခိုက်နေသလို Mi17,Mi2 စတဲ့ ထောက်ပို့ရဟက်ယာဉ်တွေနဲ့လည်း လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ဆောင်တာတွေ လုပ်ဆောင်နေတယ်လို့ TR က ထုတ်ပြန်ထားပါတယ်။
ထီးချိုင့်မြို့ရဲ့ အနောက်ဘက်ကပ်လျက်မှာရှိတဲ့ ကောလင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက နိုဝင်ဘာ ၆ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၈ ရက်မှာ ဧရာဝတီမြစ်ကမ်းနံဘေးက ထီးချိုင့်မြို့နယ်ကို KIA၊ AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့တာပါ။စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းကာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေပြီး လက်ရှိအချိန်မှာတော့ ခရိုင်မြို့ကြီးတစ်မြို့ဖြစ်တဲ့ ကောလင်းမြို့၊ ချင်းတွင်းမြစ်အထက်ပိုင်းက ရွှေပြည်အေးမြို့သစ်နဲ့ အိန္ဒိယ မြန်မာနယ်စပ်က ခမ်းပတ်မြို့တို့ကို သိမ်းပိုက်ရရှိထားပါတယ်။
ပုံစာ – တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ထီးချိုင့်မြို့ပေါ်စံပြရပ်ကွက်က စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်တချို့
ဓာတ်ပုံ-TR

