ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၂၁ (မော်ကွန်း)
ယခုလာမယ့် နွေစပါးစိုက်ပျိုးရာသီအတွက် တောင်သူတွေအတွက် တစ်ဧကကို စက်သုံးဆီလေးဂါလံနှုန်းနဲ့ ခွဲတမ်းချပြီး ရောင်းပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးထုတ်လုပ်သူများအသင်းက ဒီနေ့ရက်စွဲနဲ့ ကြေညာထားပါတယ်။
တောင်သူတွေဟာ အဲ့ဒီစက်သုံးဆီခွဲတမ်းအတွက် မိမိတို့စိုက်ပျိုးမယ့်လယ်ဧကနဲ့ လိုအပ်တဲ့စက်သုံးဆီပမာဏကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဒီနေ့ကစပြီး လျှောက်ထားနိုင်ပြီလို့ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းရဲ့ ဧရာဝတီတိုင်းအလုပ်အမှုဆောင်တစ်ဦးက ပြောပါတယ်။
လျှောက်ထားလာတဲ့ စက်သုံးဆီပမာဏကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကိုပြန်တင်ပြရမှာဖြစ်ပြီး လိုအပ်တဲ့ပမာဏကို ခွဲတမ်းအဖြစ်ပြန်ချပေးမယ်လို့ သူက ပြောပါတယ်။
“ဆန်စက်အသင်းကလည်း ဆန်စက်မောင်းဖို့ကို ထုတ်ရောင်းပေးဖို့ရှိတယ်။ သူတို့က ဆီဘောက်ဆာနဲ့ ပို့ပေးမယ် မြို့နယ်အလိုက် ခွဲတမ်းတွေကိုပေါ့။ အဲ့ဒီကျ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးက ပြန်ပြီးခွဲတမ်းလုပ်ပေးမှာပေါ့။ ရလာတဲ့အပေါ် သူတို့က ပြန်ပြီးဈေးသတ်မှတ်ပြီး ပြန်ချပေးမှာပါ” လို့ ၎င်းက ပြောပါတယ်။
ဧရာဝတီတိုင်းက ဆန်စက်လုပ်ငန်းရှင်တစ်ဦးကလည်း စက်သုံးဆီကို လက်ရှိမှာ မှောင်ခိုဈေးကွက်ကနေ ဝယ်ယူနေရတာကြောင့် အစိုးရက အခုလိုရောင်းချပေးမယ်ဆိုရင် အမှန်တကယ် စပါးစိုက်တဲ့တောင်သူတွေနဲ့ ဆန်စက်တွေကို ရောက်ရှိအောင် လုပ်သင့်တယ်လို့ ပြောပါတယ်။
“အခုကတော့ ကျွန်တော်တို့က လိုတဲ့ဒီဇယ်ကို မှောင်ခိုဈေးကွက်လိုမျိုး ရှာဝယ်နေကြရတယ်။ ပုံမှန်ပေါက်ဈေးဆို တစ်ပေပါခြောက်သိန်းခွဲလောက်ပေါ့။ အခုတစ်ပေပါ ၁၀ သိန်းကျော်ဆိုတော့ ဘယ်လိုမှ မကိုက်ဘူး။ တောင်သူတွေရော စက်ပိုင်တွေရော ဘယ်လိုမှ အဆင်မပြေကြဘူး။ သူတို့ရောင်းပေးမယ်ဆို တကယ်စိုက်တဲ့ တောင်သူတွေရဖို့လိုတယ်” လို့ အဲဒီ့ဆန်စက်လုပ်ငန်းရှင်က ပြောပါတယ်။
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်က စပါးစိုက်တောင်သူတစ်ဦးကတော့ ယခုနှစ်မိုးစပါးရာသီမှာ စက်သုံးဆီဈေး၊ ရိတ်သိမ်းခြွေလှေ့စရိတ်၊ ပိုးသတ်ဆေး၊ မြေဩဇာဈေး စတဲ့သွင်းအားစုဈေးနှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ထက် နှစ်ဆနီးပါး မြင့်တက်ခဲ့တာကြောင့် တောင်သူတွေအရှုံးပေါ်ခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က စပါးတစ်ဧကကို ရိတ်သိမ်းခြွေလှေ့ခ ငါးသောင်းကျပ်ဝန်းကျင်သာရှိရာက ဒီနှစ်မှာ တစ်ဧကကို တစ်သိန်းကျော်ထိ ဈေးတက်လာတာကြောင့် အရှုံးပေါ်ခဲ့တယ်လို့ အဲဒီ့လယ်သမားက ပြောပါတယ်။
“ဒီနှစ်က စပါးအထွက်ကလည်း နည်းနည်းကျတယ်၊ ပိုးကျတာတွေ၊ ရေမြုပ်တာတွေ ရှိတယ်။ ရိတ်စရိတ်တွေက အရမ်းတက်နေတော့ စိုက်ပျိုးခါနီး၊ ရိတ်သိမ်းခါနီးဆိုရင် ကျွန်တော်တို့လက်ထဲ ဘာမှမကျန်ပါဘူးဗျာ” လို့ ၎င်းက ပြောပါတယ်။
ယခု ဒီဇင်ဘာလအတွင်းမှာ မိုးစပါးကိုရိတ်သိမ်းနေပြီဖြစ်ပြီး သီးထပ်စပါးအဖြစ်နွေစပါးကို လာမယ့် ဇန်နဝါရီလမှာ စတင်စိုက်ပျိုးတော့မှာပါ။
ပုံစာ- ဒီဇယ်ဆီသုံး စပါးရိတ်စက်တစ်စီး လုပ်ငန်းခွင်ဝင်နေတာကို တွေ့ရစဉ်။
ဓါတ်ပုံ- မော်ကွန်း

