ရန်ကုန်- ၂၀၂၃ ဒီဇင်ဘာ ၁၉ (မော်ကွန်း)
စပါးရိတ်သိမ်းချိန်မှာ စက်သုံးဆီပြတ်လပ်ခဲ့တာကြောင့် စရိတ်မြင့်တက်မှုနဲ့ကြုံပြီး အကျိုးအမြတ် နည်းပါးသွားတယ်လို့ လယ်သမားတချို့ကပြောသလို စစ်ပွဲကြောင့် စစ်ကောင်စီရဲ့ပိတ်ဆို့ခံထားရတဲ့ ရခိုင်က လယ်သမားတွေကတော့ အရှုံးနဲ့ပါကြုံရတယ်လို့ ပြောကြပါတယ်။
စပါးအဓိကစိုက်ပျိုးရာ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းက လယ်ယာလုပ်ငန်းခွင်တွေအပေါ် စက်သုံးဆီ ပြတ်လပ်မှုက ရိုက်ခတ်ခဲ့ပြီး ရိတ်သိမ်းချိန်ကြန့်ကြာကာ စရိတ်စကမြင့်တက်ခဲ့ပါတယ်။
ဒီဒေသတွေမှာ ပြီးခဲ့တဲ့ရာသီက တစ်ဧက ကိုးသောင်းကျပ်ဝန်းကျင်ပေးရတဲ့ စပါးရိတ်စက်ခက စက်သုံးဆီ ရှားပါးပြတ်လပ်သွားတာကြောင့် လက်ရှိမှာ ကျပ်တစ်သိန်းခွဲအထိပေးပြီး ရိတ်ကြရပါတယ်။
တစ်နိုင်ငံလုံးကိုဖြန့်ချိတဲ့ စက်သုံးဆီသိုလှောင်ကန်တွေနဲ့ မြစ်တစ်စင်းသာခြားတဲ့ ရန်ကုန်တစ်ဘက်ကမ်းက ဒလမြို့နယ်မှာတောင် ဒီဇယ်တစ်ပေပါ ဈေးနှုန်းက ကျပ် ၁၀ သိန်းဝန်းကျင်အထိ ပြင်ပပေါက်ဈေးရှိနေပြီး ပိုဝေးတဲ့ဒေသတွေမှာ ဈေးပိုမြင့်ပါတယ်။
စက်သုံးဆီ အရောင်းဆိုင်တွေက ယာဉ်အသုံးပြုသူတွေကိုတောင် ခွဲတမ်းနဲ့ ရောင်းပေးနေရတဲ့ကာလမို့ လယ်သမားတွေ လုပ်ငန်းခွင်သိမ်းဖို့လိုတဲ့စက်သုံးဆီကို မရောင်းပေးကြပါဘူး။ အများစုကို လယ်သမားတွေက မှောင်ခိုဈေးနဲ့ ဝယ်ကြရတာပါ။
“ ရိတ်ဖို့ကတော့ လွန်လာပြီပေါ့။ ဒါပေမဲ့ စက်ကလည်း ရတဲ့ဆီနဲ့ မောင်းပေးတာဆိုတော့ ကိုယ့်အလှည့်ရောက်ဖို့ စောင့်နေရတာ။ စပါးလေး အထွက်ကောင်းမလားမှတ်တယ်၊ တစ်ခုမဟုတ်တစ်ခုက ဖျက်တာပါပဲကွာ” လို့ ဒလမြို့နယ်က လယ် ၁၅ ဧက စိုက်ထားတဲ့ လယ်သမားတစ်ဦးက ပြောတယ်။
စပါး အဓိကစိုက်တဲ့ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်ဒေသတွေမှာ ဒီနှစ်စပါးဈေးက ဆန်အမျိုးအစားအပေါ် မူတည်ပြီး တင်း ၁၀၀ ကို ကျပ် ၁၈ သိန်းနဲ့ ၂၃ သိန်းကြား ပေါက်ဈေးရှိတယ်လို့ လယ်သမားတွေကပြောပြတယ်။ တင်း ၁၀၀ ရဖို့ ဆန်ကြမ်းအမျိုးအစား စပါးဆိုရင် နှစ်ဧက၊ ဆန်ချောဆိုရင် အနည်းဆုံး သုံးဧကအထိ ရိတ်မှ ထွက်တာပါ။ ဒါကြောင့် ရိတ်စက်ခတင် ကျပ် ငါးသိန်းဝန်းကျင်အထိ ကုန်ကျစရိတ် ရှိနေပြီး မိုးတွင်းက စိုက်ပျိုးစရိတ်တွေနဲ့ သွင်းအားစုဖိုးတွေပါ ထည့်ပေါင်းရင် အမြတ်မများကြီးမကျန်ဘူးလို့ လယ်သမားတချို့က ရှင်းပြတယ်။
ဒီလို စက်သုံးဆီ ပြတ်လပ်ရှားပါးပြီး ဈေးအဆမတန်မြင့်နေချိန်မှာ စစ်ကောင်စီကလည်း မိုးစပါးပြီးရင် နွေစပါး ထပ်စိုက်ရမယ်လို့ သူ့ရဲ့ အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဖိအားပေးနေတဲ့အတွက် လယ်သမားတချို့ အကြပ်ရိုက်နေတာလည်း ရှိပါတယ်။
“ ရေမရှိဘဲနဲ့ ဘယ်လိုစိုက်ရမလဲ။ အခု ဆီဈေးနဲ့က ပိုဆိုးတာပေါ့။ ထွန်ယက်ပြပြီး မအောင်မြင်ဘူးလို့ပဲ တင်ပြရမှာ။ စိုက်လို့မှ မရတာလို့ ” ဒလမြို့နယ်က လယ်သမားတစ်ဦးက ပြောပါတယ်။
စစ်ဖြစ်နေတဲ့ ရခိုင်မှာတော့ လက်ရှိအချိန်အထိ စပါးရိတ်သိမ်းဖို့ အခက်အခဲကြုံနေရပြီး တချို့တစ်ဝက် ပျက်ဆီးဆုံးရှုံးရဖို့ ရှိနေပြီလို့ လယ်သမားတချို့က ပြောပြတယ်။
စပါးရိတ်စက်အတွက်အသုံးပြုရတဲ့ ဒီဇယ်ဆီ တစ်ပေပါကို ကျပ် ၂၂ သိန်းကျော် ဈေးပေါက်နေပေမယ့် လိုသလို ဝယ်မရဘူးလို့ ရခိုင်ကလယ်သမားတချို့က ပြောပါတယ်။ ဓာတ်ဆီ တစ်လီတာကို ကျပ်နှစ်သောင်းခွဲနဲ့ သုံးသောင်းဝန်းကျင် ပေးနေရတယ်လို့လည်း ပြောကြပါတယ်။
“ အဲဒီ (ဓါတ်ဆီဈေး) နှစ်သောင်းခွဲ၊ သုံးသောင်းဆိုတာက ပေါက်ဈေး။ ဒါပေမဲ့ ဝယ်ရချင်မှ ဝယ်လို့ရတာ။ ကံကောင်းလို့ ကြုံမှ ဝယ်လို့ရတာ ” လို့ ရသေ့တောင်မြို့က လယ်သမားတစ်ဦးက ပြောပြတယ်။
စက်သုံးဆီပြတ်ပြီး စပါးရိတ်စက်တွေ ငှားမရအဖြစ်နဲ့ ကြုံနေရတာကြောင့် တစ်ဧကကို ၁၈၀,၀၀၀ ကျပ်နဲ့ လူငှားရှာပြီး ရိတ်သိမ်းထားပေမယ့် ချွေလှေ့ဖို့နဲ့ ကြိတ်ခွဲဖို့ ဘယ်လိုလုပ်ရမှန်းမသိသေးဘူးလို့ ၎င်းကဆိုပါတယ်။
“ စပါးကြိတ်ခဆိုရင် အရင်က တစ်တောင်း(တစ်တင်း)ကို နှစ်ရာ၊ သုံးရာ ပေးရတာ။ အခုက တစ်တောင်းကို သုံးထောင် ပေးနေရပြီ။ သူတို့လည်း ဆီဈေးကြီးတော့ ဈေးတွေတက်ကုန်တာ” လို့ ရသေ့တောင်မြို့နယ်က လယ်ယာလုပ်ငန်းတွေရဲ့ အခြေအနေကို သူကပြောပြတယ်။
သူတို့မြို့နယ်မှာ လူငှားရလို့ ရိတ်သိမ်းနိုင်တဲ့လယ်တွေရှိသလို ရိတ်သိမ်းချိန်လွန်သွားတဲ့အတွက် ဒီအတိုင်း အဆုံးရှုံးခံလိုက်ရတဲ့လယ်တွေလည်း ရှိတယ်လို့ သူကရှင်းပြတယ်။
ကျောက်တော်မြို့နယ်က လယ်သမားတစ်ဦးကတော့ ဒီနှစ် စပါးတွေ အထွက်နှုန်းကောင်းပေမယ့် စစ်ပွဲတွေနဲ့ စက်သုံးဆီပြတ်လပ်နေတဲ့ဒဏ်ကြောင့် တချို့တစ်ဝက်ပျက်ဆီးရဖို့ ရှိတယ်လို့ ပြောပါတယ်။
“ စက်ရိတ်ခက တစ်ဧက နှစ်သိန်းခွဲလောက် ပေးရတယ်။ လူ(အလုပ်သမား)နဲ့ ငှားရိတ်မယ်ဆိုရင်လည်း တစ်သိန်းရှစ်သောင်းလောက် ပေးရတယ်။ ဒါပေမဲ့ လူကတော့ရှားတယ်။ တချို့ကလည်းစက်မရှိလို့ မရိတ်ရတာ၊ လူမရှိလို့မရိတ်ရတာ၊ ဆီမရှိလို့ မရိတ်ရတာ ဒီလိုဟာမျိုးတွေတော့ ကြုံနေကြရတာပေါ့” လို့ ၎င်းက ပြောတယ်။
နိုဝင်ဘာ ၁၁ ရက်ကတည်းက စစ်ကောင်စီက ရခိုင်ပြည်နယ်ကို ကုန်လမ်း၊ ရေလမ်း ဝင်ထွက်ခွင့်တွေ ပိတ်ထားတာဖြစ်ပြီး မြို့နယ်ချင်း ကူလူးဆက်ဆံမှုကိုလည်း ကန့်သတ်ထားပါတယ်။
သူတို့ကျောက်တော်ဒေသနဲ့ မြောက်ဦးဒေသဟာ ရခိုင်ပြည်နယ်မှာ စပါးစိုက်ပျိုးမှုအများဆုံးဒေသတွေထဲ ပါဝင်ပြီး ဒီနှစ်တော့ စစ်ကောင်စီရဲ့ပိတ်ဆို့မှုတွေ ခံနေရတာကြောင့် စရိတ်စကကြီးမြင့်ပြီး စပါးဈေးကျတာနဲ့ပါ ကြုံနေရတာပါ။
အဲဒီဒေသတွေမှာ ဧည့်မထအမျိုးအစားစပါး တင်း ၁၀၀ ကို ကျပ် ၁၀ သိန်း ဝန်းကျင်နဲ့ ပေါ်ဆန်းအမျိုးအစားစပါး တင်း ၁၀၀ ကို ကျပ် ၁၃ သိန်းဝန်းကျင်သာ ဈေးပေါက်တယ်လို့ ကျောက်တော်ဒေသခံ လယ်သမားက ပြောပါတယ်။ ဒီဈေးနှုန်းတွေက ပြည်မဘက်က ပေါက်ဈေးနဲ့ယှဉ်ရင် ထက်ဝက်နီးပါး နည်းပါးနေတာလည်း ဖြစ်ပါတယ်။
အာဏာမသိမ်းမီက ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် အခုကြုံနေရတဲ့ စပါးရိတ်သိမ်းစက်ခ ဈေးနှုန်းက ငါးဆနီးပါး မြင့်တက်နေတာ လို့လည်း လယ်သမားတချို့က ပြောပါတယ်။
အရပ်သားအစိုးရဆီက အာဏာသိမ်းထားတဲ့ စစ်ကောင်စီလက်ထပ်မှာ အခုကြုံနေရတဲ့ စက်သုံးဆီ ပြတ်လပ်မှုအခြေအနေက အဆိုးရွားဆုံးဖြစ်ပြီး ကုန်ထုတ်လုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေကို အပြင်းအထန်ရိုက်ခတ်နေသလို ကုန်ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်နေတာကြောင့် အိမ်ထောင်စုတစ်စုချင်းစီကိုလည်း ထိခိုက်သက်ရောက်နေစေတယ်လို့ လေ့လာသူတချို့က ပြောကြပါတယ်။
ပုံစာ- ပုံ(၁) ဒလမြို့နယ်အတွင်း စပါးရိတ်စက်ဖြင့် ရိတ်သိမ်းနေသည့် မြင်ကွင်း။ ပုံ(၂) ရိတ်သိမ်းချိန်လွန်ပြီး မြေမှာကပ်နေပြီဖြစ်တဲ့ ရသေ့တောင် မြို့နယ်က စပါးခင်းတစ်ခုကို တွေ့ရစဉ်။
ဓါတ်ပုံ- မော်ကွန်း။

