ပြည်ပမှာအလုပ်လုပ်သူတွေ သံရုံးမှာသက်တမ်းသွားတိုးတာနဲ့ ဝင်ငွေခွန်တစ်ပါတည်းဖြတ်ယူ

ပြည်ပမှာအလုပ်လုပ်သူတွေ သံရုံးမှာသက်တမ်းသွားတိုးတာနဲ့ ဝင်ငွေခွန်တစ်ပါတည်းဖြတ်ယူ

ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၁၄ (မော်ကွန်း) 

နိုင်ငံခြားငွေလိုအပ်ချက်များနေတဲ့ စစ်ကောင်စီဟာ ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ သံရုံးမှာ နေထိုင်ခွင့်သက်တမ်းတိုးတာနဲ့ ဝင်ငွေခွန်ကိုပါ တစ်ပါတည်းကောက်ယူနေတယ်လို့ မြန်မာလုပ်သားတွေက ပြောပါတယ်။

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတစ်ဦးကတော့ ယခုသီတင်းပတ်ကစလို့ ကိုရီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးခြင်း သွားရောက်လုပ်ဆောင်သူတွေကို ဝင်ငွေခွန် တစ်ခါတည်း ကောက်ယူသွားတယ်လို့ ပြောပါတယ်။

“အခုတစ်ပတ်ကစပြီး ပေးရတယ်။ သက်သက်ကြီးသွားပေးရတာတော့မဟုတ်ဘူး။ သံရုံးကို သက်တမ်းတိုးသွားရင် တစ်ခါတည်းဆောင်ခိုင်းတယ်။ သက်တမ်းတိုးသူတိုင်းကို ဆောင်နေရတာပေါ့” လို့ အဲ့ဒီ မြန်မာလုပ်သားက ပြောပါတယ်။

ပြည်ပရောက်မြန်မာလုပ်သားတွေဆီက ဝင်ငွေခွန်ကောက်ယူမှုကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ က စတင်ကင်းလွတ်ခွင့်ပေးခဲ့ပြီး ယခုစစ်ကောင်စီလက်ထက်မှာ ပြန်လည်ကောက်ယူခဲ့တာပါ။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ယခုနှစ် အောက်တိုဘာလ ၁ ရက်က ရရှိတဲ့ လစာဝင်ငွေအပေါ် စတင်တွက်ချက်ကောက်ခံမှာဖြစ်ပြီး ဝင်ငွေရဲ့ နှစ်ရာခိုင်နှုန်းကို အခွန်အဖြစ်ပေးဆောင်ရမယ်လို့ စစ်ကောင်စီရဲ့ သံရုံးအသီးသီးက ယခုရက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကျဆင်းပြီး ပို့ကုန်ကျဆင်းနေတဲ့ စစ်ကောင်စီလက်ထက်မှာ နိုင်ငံခြားငွေလိုအပ်ချက် များလာတာကြောင့် အခုလို ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ ဝင်ငွေကနေ အခွန်တွေ ပြန်လည်ကောက်ယူဖို့ ပြင်ဆင်လာတာပါ။

ပြည်ပရောက်နိုင်ငံသားတွေရဲ့ နိုင်ငံခြားငွေနဲ့ ရရှိနေတဲ့ အခွန်စည်းကြပ်ဖို့ ပြည်ထောင်စုရဲ့ အခွန်အကောင်ဥပဒေကို ယခုနှစ် စက်တင်ဘာလမှာ ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ဝင်ငွေခွန်ဆောင်ဖို့ မထုတ်ပြန်ခင်ကလည်း ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ဘဏ်တွေကနေ တရားဝင်ပြန်လွှဲဖို့ သတ်မှတ်ထားပါသေးတယ်။ အဲ့ဒီသတ်မှတ်ချက်မှာလည်း စစ်ကောင်စီက သူတို့သတ်မှတ်ထားတဲ့ ငွေလဲနှုန်းနဲ့ ဖြတ်ယူထားတဲ့အတွက် မြန်မာလုပ်သားတွေ နစ်နာမှုရှိနေပါတယ်။

ပြည်ပရောက်မြန်မာလုပ်သားအချို့ကတော့ ရောက်ရှိနိုင်ငံမှာလည်း အခွန်တွေပေးဆောင်ပြီးဖြစ်သလို ပြည်တွင်းကနေ တရားဝင်သွားရောက်တဲ့အတွက် အခုလို ဝင်ငွေခွန်ထပ်မံကောက်ယူမယ့်ကိစ္စဟာ မျှတမှုမရှိဘူးလို့ ဝေဖန်ပါတယ်။

“ကျွန်တော်တို့လစာက အစောတည်းကတရားဝင်သွားတာလေ။ ငွေဖြူမဟုတ်ဘူးလား။ ကိုရီးယားအစိုးရကိုလည်း အခွန်ကပေးရတယ်။ ဒီက နေထိုင်စားသောက်စရိတ်တွေနဲ့ နိုင်ငံတော်က ဘာမှလုပ်ပေးတာမရှိဘူး။ အဲ့ဒါကို အခွန်ထပ်ပေးရတာတော့ မတရားဘူးထင်တယ်” လို့ ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီအပေါ် ဝင်ငွေခွန်မပေးချင်သူတွေများပေမယ့် ပတ်စ်ပို့သက်တမ်းတိုးတာနဲ့ ဆောင်ရမယ်လို့ ထုတ်ပြန်ထားတာကြောင့် မဆောင်မဖြစ် ဆောင်နေရတယ်လို့ စင်္ကာပူနိုင်ငံရောက် မြန်မာဆောက်လုပ်ရေး လုပ်သားတစ်ဦးက ပြောပါတယ်။

“ဘယ်သူမှ မဆောင်ချင်ကြဘူး၊ အရင်က အဲ့လိုမရှိဘူးလေ၊ သူ့လက်ထက်မှ စကောက်တာ။ မဆောင်ပြန်ရင်လည်း သူတို့က သက်တမ်းမတိုးပေးဘူး။ အိမ်ပြန်လို့မရဘူး။ လေဆိပ်မှာလည်း ဝင်ငွေခွန်အထောက်အထားတွေ တောင်းတော့မှာ” လို့ ၎င်းက ပြောပါတယ်။

အဲ့ဒီဝင်ငွေခွန်ကို စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး စတဲ့ Blue Collar ဝန်ထမ်းတွေအပြင် ၊ ဆေးရုံတွေ၊ တက္ကသိုလ်/ကောလိပ်တွေ၊ အင်ဂျင်နီယာတွေစတဲ့ White Collar ဝန်ထမ်းတွေလည်း ပေးဆောင်ရမှာဖြစ်ပြီး အခွန်ပေးသွင်းရာမှာ အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ သုံးလစာကို အရင်ပေးသွင်းရမှာဖြစ်တယ်လို့ စစ်ကောင်စီသံရုံးတွေက ထုတ်ပြန်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလာတဲ့အတွက် ပြည်ပကို ထွက်ပြီး အလုပ်လုပ်ကိုင်တဲ့ လူငယ်အရေအတွက် မြင့်တက်နေပြီး ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ တရုတ် နိုင်ငံတို့ကို သွားရောက်လုပ်ကိုင်သူတွေ များပြားလာတာပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမား အများဆုံး သွားရောက်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာ တရားဝင်သွားရောက်တဲ့ လူဦးရေက နှစ်သန်းကျော်ရှိပေမယ့် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ တရားမဝင်လမ်းကြောင်းတွေကနေ ဝင်ရောက်လာတဲ့ အရေအတွက်တွေလည်း သိန်းနဲ့ချီရှိတယ်လို့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေး လုပ်ကိုင်သူတွေက ခန့်မှန်းထားပါတယ်။

ပုံစာ – MoU စနစ်နဲ့ ထိုင်းနိုင်ငံကို သွားရောက်မယ့် မြန်မာလုပ်သားများ

ဓာတ်ပုံ – မြန်မာအလုပ်သမားသံအရာရှိရုံး

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."