ရေစကြို – ၂၀၂၂ အောက်တိုဘာ ၃၀ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စိုင်သေရွာ၊ သံပြာချောင်းရွာနဲ့ မြေမလှရွာတွေကို အာဏာသိမ်းစစ်တပ်က မနေ့က တစ်ရက်ထဲမီးရှို့ခဲ့ပြီး ဒီကနေ့ မနက်အစောပိုင်းမှာခံစပ်တောရွာကို ထပ်မံမီးရှို့ခဲ့တာကြောင့် ဒေသခံပြည်သူထောင်ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“မနေ့ကတစ်ရက်ထဲကိုရှို့တာသုံးရွာရှို့တာ၊ ဒီမနက်မှာနောက်ထပ်တစ်ရွာထပ်ရှို့တယ်၊ သူတို့ကတော့ထုံးစံအတိုင်းနေအိမ်တောင်မီးရှို့တာပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်မချန်ဘူး၊ အကုန်သယ်ကြတာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်း စိုင်သေရွာကို မီးရှို့ခဲ့ရာမှာ နေအိမ် ၄၃ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊သံပြာချောင်းရွာကနေအိမ် ၇၅ လုံးမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။
တောင်ဦးကျေးရွာအုပ်စုက မြေမလှရွာကိုမီးရှို့ခဲ့ရာမှာ နေအိမ် ၅၃လုံး၊ ခံစပ်တောရွာမှာ နေအိမ် ၆၃ လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ပြောပါတယ်။
ရေစကြိုမြို့နယ်ထဲက ကျေးရွာလေးရွာကိုအာဏာသိမ်းစစ်တပ်က နှစ်ရက်အတွင်း မီးရှို့ခဲ့တာကြောင့် ရရှိတဲ့စာရင်းတွေအရ နေအိမ်ပေါင်း ၂၃၄ လုံးမီးလောင်ဆုံးရှုံးခဲ့ပါတယ်။
ရေစကြိုမြို့နယ်အတွင်းကို အာဏာသိမ်းစစ်တပ်ကစစ်ကြောင်းထိုးတာကြောင့် အနီးအနားကျေးရွာပေါင်း ရှစ်ရွာက ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီးနေအိမ်မပြန်နိုင်သေးတာကြောင့် စားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မကွေးတိုင်းဒေသကြီး အတွင်းမှာ ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ သြဂုတ်လ ၂၅ရက်နေ့အထိ အာဏာသိမ်းစစ်တပ်မီးရှို့တာကြောင့် နေအိမ်
၅၄၁၈လုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့ Data For Myanmar ကသြဂုတ်လ ၂၆နေ့မှာထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Info Committee Yesagyo
#Dailynews

