စစ်ကိုင်းမှာ စစ်ကောင်စီက တပ်သားသုံးဦးပျောက်လို့လိုက်ရှာရင်း တွေ့တဲ့ရွာကိုမီးရှို့သွား

စစ်ကိုင်းမှာ စစ်ကောင်စီက တပ်သားသုံးဦးပျောက်လို့လိုက်ရှာရင်း တွေ့တဲ့ရွာကိုမီးရှို့သွား

စစ်ကိုင်း-၂၀၂၃ ဒီဇင်ဘာ ၁၃ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောရွာအခြေစိုက် အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းက စစ်ကောင်စီတပ်သား သုံးဦးပျောက်ဆုံးသွားတာကြောင့် လိုက်ရှာရင်း မနေ့မနက်ပိုင်းက ရေမျက်အင်းအနီးမှာရှိတဲ့ ပန်းချီရွာကို စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးသွားတယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားသုံးဦးဟာ အခုလ ၁၁ ရက်ကတည်းက ပျောက်ဆုံးသွားတာကြောင့် စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ လိုက်လံရှာဖွေရင်း လမ်းဘေးဝဲယာကို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကလည်း ဒီနေ့ထုတ်ပြန်ထားပါတယ်။

“ပန်းချီရွာက အုန်းတောရဲ့မြောက်ဘက် တစ်မိုင်လောက်ပဲဝေးတာ။ မီးရှို့ခံရပြီးအိမ် ၆၀ လောက်နဲ့နွားတစ်ရှဉ်းမီးထဲပါသွားတယ်။ သူတို့ဘက်က အရာရှိတစ်ယောက်နဲ့ စစ်သားနှစ်ယောက်နဲ့ကိုဖမ်းသွားတယ်လို့ကြားတယ်။ ကာကွယ်ရေးအဖွဲ့တွေဘက်ကဖမ်းလိုက်တာလို့ကြားတယ်။ အဲ့တာကိုလိုက်ရှာကြတာ၊ သူတို့က သွားတာက ရေမျက်(ရွာ)ကိုသွားတာ ရှေ့ထိလည်းမလိုက်ရဲတော့ ဘေးမှာ ပန်းချီရွာတွေ့တော့ မေးမြန်းမရလို့ မီးရှို့ထားခဲ့တာ” လို့ ပန်းချီရွာအနီးမှာရှိတဲ့ ကျေးရွာတစ်ရွာက ဒေသခံက ပြောပါတယ်။

ရွာကိုမီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ နဲ့ အုန်းတောရွာအခြေစိုက် အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းက စစ်ကောင်စီတပ်တွေဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဆိုထားပါတယ်။

မီးရှို့ခံရတဲ့ ပန်းချီရွာဟာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး အသီးနှံအထွက်ကောင်းလို့ ငွေကြေးအင်အားတောင့်တင်းတဲ့ ကျေးရွာတစ်ရွာလည်းဖြစ်တယ်လို့ စစ်ကိုင်းဒေသခံတွေက ပြောကြပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကိုင်းမြို့နယ်အနီးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း စစ်ကောင်စီတပ်တွေ ကျေးရွာတွေကို အချိန်မရွေးစီးနင်းမှာစိုးတာကြောင့် ကြိုတင်ထွက်ပြေးတိမ်းရှောင်ကြသူတွေလည်း ရှိလာတယ်လို့ စစ်ကိုင်းမြို့ခံတွေကပြောပါတယ်။

“ညညဆို (ပစ်ခတ်၊ပေါက်ကွဲတဲ့) အသံတွေအစုံကြားရတယ်။ ဘယ်မှလည်းမသွားရဲဘူး။တချို့ရွာတွေဆို ပြေးကုန်ကြပြီ။ အကုန်လုံးတော့မဟုတ်ဘူး။ နေရာရွှေ့တဲ့သူကရွှေ့ကုန်ကြပြီ။ မန္တလေးဘက် ပြောင်းတဲ့ပြောင်း။ ကောင်းမှုတော်နားကဈေးတွေဘာတွေဆို အခုနောက်ပိုင်း လူရှင်းသွားတယ်” လို့ ထန်းတောရွာခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ ပန်းချီရွာကို မီးရှို့ဖျက်ဆီးတာကြောင့် ပန်းချီရွာနဲ့အနီးက အုန်းတောရွာက ထောင်ချီတဲ့ဒေသခံတွေ လက်ရှိအချိန်ထိ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ပန်းချီရွာမှာ ၂၀၂၂ မေလတုန်းက ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ စခန်းစီးနင်းခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ရှစ်ဦး အသတ်ခံခဲ့ရပါသေးတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ်နိုဝင်ဘာ ၃၀ အတွင်း စစ်ကောင်စီတပ်တွေနဲ့ သူတို့ရဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ အရပ်သားပြည်သူနေအိမ်အရေအတွက်ဟာ ၇၇,၀၀၀ ကျော်အထိရှိလာပြီလို့ ထုတ်ပြန်ထားပါတယ်။

ပုံစာ-စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ပန်းချီရွာ။

ဓာတ်ပုံ-MIMU

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."