ရန်ကုန်-၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း)
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ သီတာလမ်းမှာ ဒီနေ့ည ၇ နာရီဝန်းကျင်က အရပ်ဝတ်စစ်ကောင်စီတပ်တွေက လူငယ်သုံးဦးကို ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ သီတာလမ်းအနီးနေထိုင်သူတွေက မော်ကွန်းကိုပြောပါတယ်။
“PDFတွေဆိုပြီးဖမ်းတာ၊ တစ်ယောက်က သေနတ်မှန်သွားတယ်။ သေသွားပြီလို့လည်းကြားတယ်။ အခုလမ်းထဲကဆိုင်တွေအကုန်ပိတ်၊ လူလည်းရှင်းသွားတယ်၊ အခုလမ်းပိတ်ထားတယ်။စစ်ကားနှစ်စီး၊ အိမ်ကားတစ်စီးပါတယ်။ အရပ်ဝတ်တွေကော၊ ယူနီဖောင်းတွေနဲ့ကောအကုန်ပါတယ်” လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတချို့ထပ်ရောက်လာပြီး သီတာလမ်းထိပ်မှာ ကားကိုကန့်လန့်ဖြတ်ရပ်ကာ ပိတ်ထားတယ်လို့ လမ်းအတွင်းနေသူတွေကပြောကြပါတယ်။
တာမွေရဲစခန်းနဲ့နီးစပ်သူတစ်ဦးကလည်း လူငယ်သုံးဦးကိုပစ်ခတ်ဖမ်းဆီးခဲ့ပြီး လမ်းပိတ်စစ်ဆေးနေကြောင်း ပြောပါတယ်။
အခုလ ၅ ရက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ မြို့မရဲစခန်းမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့ စစ်ကောင်စီတပ်တွေ လမ်းပိတ်စစ်ဆေးခဲ့ပါသေးတယ်။
ပုံစာ-တာမွေမြို့နယ် သီတာလမ်းအနီး မြင်တွေ့ရတဲ့မြင်ကွင်း။
ဓာတ်ပုံ-ပေးပို့

