ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း)
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြို့ကြီးအများစုမှာ အခုရက်ပိုင်းကစပြီး စက်သုံးဆီပြတ်လပ်မှုတွေနဲ့ ကြုံတွေ့ရပြီးနောက် စက်သုံးဆီမှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းတွေ ပိုများလာတယ်လို့ ဆီမှောင်ခိုသမားတချို့နဲ့ ကားသမားတွေက မော်ကွန်းကိုပြောပါတယ်။
ဆီဆိုင်တွေမှာ အချိန်ကုန်ခံပြီး တန်းစီမဝယ်ချင်ရင် မှောင်ခိုဈေးကွက်မှာ အချိန်မရွေးလိုသလောက် ဝယ်လို့ရတယ်လို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)က ဆီမှောင်ခိုဆိုင်မှာ ဆီထည့်ခဲ့တဲ့ ကားသမားတစ်ဦးက ပြောပါတယ်။
“ ပေါ်တင်ရောင်းတာမဟုတ်ဘူး။ ကိုယ့်ချိတ်နဲ့ကိုယ်သွားပြီးဝယ်ရတာ။ သူ့နေရာနဲ့သူရှိတယ်။ ဒီဇယ်၊ ပရီမီယံ၊ 92၊ 95 ဓာတ်ဆီ၊ အောက်တိန်း အကုန်ရတယ်။ ဈေးကတော့ နှစ်ဆလောက်ရှိတယ်။ အခုကျွန်တော်တောင်မှ သွားဝယ်တာ၊ သူတို့ဆီလည်း တန်းစီရတယ်။ ကားလေးတွေကို ချောင်ထိုးထားရတာ။ အဲဒီနေရာတွေကို သူတို့လူနဲ့သူတို့လွှတ်ပြီးတော့ ဖြည့်ပေးတာ။ ဖုန်းကြိုဆက်ရတယ်။ အခုလာနေပြီ၊ ဘယ်ရောက်နေပြီ၊ ဘယ်လောက်ဖိုးယူမယ်ဆိုတာ ကြိုဆက်ရတယ်။ သူတို့က လာခဲ့ဆိုရင်ရပြီ” လို့ ဆီမှောင်ခိုထည့်ရတဲ့ အခြေအနေကို သူကပြောပါတယ်။
မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ရန်ကင်း၊ လှိုင်သာယာ စတဲ့မြို့နယ်တွေအပါအဝင် ရန်ကုန်မြို့တွင်း နေရာအနှံ့အပြားမှာ ဆီမှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းနေရာစုစုပေါင်း ခြောက်ဆယ်ဝန်းကျင်ရှိတယ်လို့ သူကဆက်ပြောပါတယ်။
ဆီမှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်ခံရဲတွေက လိုက်လံရှာဖွေဖမ်းဆီးတာတွေရှိတာကြောင့် အချိတ်အဆက်ရှိမှသာ ရောင်းဝယ်ပေးတာလို့ ရန်ကုန်မြို့တွင်းက ဆီမှောင်ခိုရောင်းဝယ်ရေးသမားတစ်ဦးက ပြောပါတယ်။
စက်သုံးဆီဆိုင်ကြီးတွေမှာ ဆီပြတ်လပ်မှုတွေဖြစ်ပေါ်နေပေမယ့် သူတို့ဆီမှာတော့ ဆီလုံးဝပြတ်လပ်သွားတာမျိုးမရှိဘူးလို့ သူကပြောပါတယ်။ ကုမ္ပဏီရုံးကားတွေနဲ့ အစိုးရဌာနဆိုင်ရာရုံးကားတွေကနေ လာရောက်ရောင်းချတဲ့ဆီတွေဖြစ်တယ်လို့ သူကဆိုပါတယ်။
“ဆီကတော့ မပြတ်ဘူး။ ကုမ္ပဏီကားတွေက လာရောင်းကြတာကိုဝယ်တာ၊ အောက်ဈေးနဲ့ဝယ်ရတာ။ တစ်ဂါလံကို ၁၂,၀၀၀၊ ၁၃,၀၀၀ လောက်ပေးဝယ်တာ။ ဆီမှန်သမျှအတူတူပဲပေးဝယ်တာ။ ပရီမီယံတို့ ဒီဇယ်တို့ အများကြီးရှိတယ်။ လိုသလောက်ရတယ်။ ရေသန့်တစ်ဘူးကို ငါးထောင်။ ဓာတ်ဆီလည်း ငါးထောင်။ လိုက်ဖမ်းတဲ့ကောင်တွေရှိလို့ တိတ်တိတ်ပုန်းပဲလုပ်ရတယ်” လို့ သူကပြောပါတယ်။
ရန်ကုန်အပါအဝင် မြို့ကြီးအများစုမှာတော့ အခုလ ၅ ရက်ကစလို့ စက်သုံးဆီပြတ်လပ်ခဲ့တဲ့အပြင် ပြန်ရရှိတဲ့အခါမှာလည်း အချိန်ကြာမြင့်စွာတန်းစီရတာ၊ လိုသလောက်ဝယ်ယူလို့မရတာတွေကြောင့် လုပ်ငန်းတွေအခက်အခဲကြုံတဲ့အပြင် စားဝတ်နေရေးအတွက် အခက်အခဲတွေပါ ကြုံတွေ့လာကြရတယ်လို့ ကားသမားအများစုနဲ့ စက်သုံးဆီနေ့စဉ်အသုံးပြု လုပ်ငန်းလုပ်နေကြသူတွေက ပြောကြပါတယ်။
စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာတော့ ဆီဆိုင်တချို့မှာရှိတဲ့ ဆီသယ်ယာဉ်မရောက်မီကာလအတွင်း ခေတ္တအရောင်းရပ်ထားပေမယ့် ပြည်တွင်းဆီလက်ကျန်အခြေအနေ၊ ပြည်ပက ဆီသင်္ဘောတွေဆိုက်ကပ်ထားမှုအခြေအနေနဲ့ ဆီဖြန့်ဖြူးပေးနိုင်မှုစွမ်းအားအရ ဆီပြတ်လပ်မှု မရှိနိုင်ဘူးလို့ ဆိုထားပေမယ့် လိုအပ်သည်ထက် ပိုမဝယ်ယူကြဖို့ ပြောထားပါတယ်။
ပုံစာ-ရန်ကုန်မြို့တွင်း တနေရာတွင် ဆီမှောင်ခိုထည့်နေစဉ်
Photo – Supplied

