ရန်ကုန်- ၂၀၂၃ ဖေဖော်ဝါရီ ၁၆ (မော်ကွန်း)
စစ်တပ်အာဏာသိမ်းထားတာ သုံးနှစ်ကြာပြီးနောက် မြန်မာနိုင်ငံမှာ ကလေးသူငယ် ခြောက်သန်းခန့်ဟာ အရေးပေါ် အကူအညီ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က ယခုလ ၁၄ ရက်က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ၂၀၂၃ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ရေးပဋိပက္ခတွေကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံလူဦးရေ ၁၈ ဒသမ ၁ သန်းကျော် ဟာ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေပြီး အဲဒီအထဲမှာ ကလေးသူငယ် ၅ ဒသမ ၈ သန်းကျော် ပါဝင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ဒီ ၁၈ သန်းကျော်ထဲက လူပေါင်း ၂ ဒသမ ၃ သန်းကျော်ဟာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင် နေရသူတွေဖြစ်ပြီး ဒီလူတွေကိုကူညီဖို့ လုံလောက်တဲ့ရန်ပုံငွေလည်း မရရှိခဲ့ဘူးလို့ ၎င်းအစီရင်ခံစာမှာဖော်ပြတယ်။
မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီပေးနိုင်ဖို့ လိုအပ်တဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၈၂ သန်းကျော်အနက် ၂၀၂၃ မှာ ၃၆ သန်းကျော်သာ ရရှိကူညီနိုင်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြတယ်။
စစ်တပ်အာဏာမသိမ်းမီ လွန်ခဲ့တဲ့သုံးနှစ်တုန်းက မြန်မာမှာ အရေးပေါ်အကူအညီလိုအပ်သူ တစ်သန်းကျော်နဲ့ နှိုင်းယှဉ်ရင် အခုအခါ ၁၈ သန်းကျော်ရှိလာတဲ့အပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကလည်း စိုးရိမ်ပူပန်ကြောင်း ဒီနှစ်ဇန်နဝါရီ ၃၁ ရက်မှာ ထုတ်ပြန်ပြောထားပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ဖြုတ်ချပြီး ခေါင်းဆောင်တွေကို တရားဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းထားတာ သုံးနှစ်ပြည့်မြောက်လာချိန်မှာ အရပ်သားပြည်သူတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေနဲ့အတူ မြန်မာနိုင်ငံမှာ အကျပ်အတည်းတွေ ပိုမိုဆိုးရွားလာနေတယ်လို့ အတွင်းရေးမှူးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါအပြင် အရပ်သားအုပ်ချုပ်ရေးကို ပြန်သွားနိုင်တဲ့ ဒီမိုကရေစီနည်းကျ အသွင်ကူးပြောင်းရေးတစ်ခုဆီကို ဦးတည်တဲ့လမ်းကြောင်း မြန်မာနိုင်ငံမှာ ဖော်ဆောင်ဖို့လိုနေပြီလို့လည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။
ပုံစာ_ မြန်မာကလေးငယ်နှစ်ဦးကို UNICEF အမှတ်တံဆိပ်ပါ ကျောပိုးအိတ်တို့နဲ့အတူတွေ့ရစဉ်။
ဓါတ်ပုံ_ UNICEF Myanmar Page

