ယင်းမာပင် – ၂၀၂၃ ဒီဇင်ဘာ ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့ဆီ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ တပ်သားတစ်ဦး လက်နက်နဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ ကျောက်လုံးကြီးအဖွဲ့ တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကလေးမြို့အခြေစိုက် ခလရ ၈၇ခြေလျင်တပ်ရင်းကဖြစ်ပြီး တပ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့တာ ရှစ်နှစ်ကြာပြီလို့ ဆိုပါတယ်။
“ကျွန်တော်က ဒီထဲကို ဝင်ချင်နေတာ ကြာပါပြီ။ အရင်ကလည်းအကြိမ်ကြိမ်ထွက်ပြေးတယ်။ ဒါပေမယ့် ပြန်ပြီးတော့မိတာပဲ။ သူတို့ဆီမှာလည်း နေရတာ အဆင်မပြေဘူး”လို့ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားက မော်ကွန်းကိုပြောပါတယ်။
“တပ်မတော်ဘက်က လုပ်နေတာ မှားယွင်းနေတယ်။ လူကြီးပိုင်းတွေကလည်း မဟုတ်တဲ့ဟာ လျှောက်လုပ်နေတော့ ခံရတော့ ကိုယ့်လက်အောက်ငယ်သားတွေပဲခံရတာ၊ ကောင်းစားရင်သူတို့ပဲကောင်းစားတာ” လို့လည်း သူကဆက်ပြောတယ်။
လက်ရှိအချိန်မှာတော့ အလင်းဝင်လာတဲ့ တပ်သားကို ကျောက်လုံးကြီးအဖွဲ့က ဂုဏ်ပြုဖို့ ချီးမြှင့်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့အဖွဲ့ထဲမှာကိုက သေနတ်မပါတာကော၊ ပါတာကောဆိုရင် အခုချိန်ထိဆို ၁၀ ယောက်ကျော်ပြီ။ တချို့စစ်သားတွေဆို ကျွန်တော်တို့အဖွဲ့ထဲမှာ။ CDM စစ်သားတစ်ယောက်လည်း ကျွန်တော်တို့နဲ့အတူတိုက်ပွဲဝင်ရင်း ကျသွားတဲ့တစ်ယောက်ရှိတယ်” လို့ KLG အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
အလင်းဝင်လာတဲ့ တပ်သားဟာ သူနဲ့အတူ MA-2 ချေမှုန်းရေး စက်သေနတ်တစ်လက်၊ ကျည်ဘောက်ငါးကတ်နဲ့ ကျည်ဆန်တစ်ရာကျော်ယူဆောင်လာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းသွားဖို့ရှိတယ်လို့ ပြောပါတယ်။
“ကျွန်တော့်နိုင်ငံကောင်းစားဖို့အတွက်ကို ကျွန်တော်(စစ်ကောင်စီကို)တော်လှန်တိုက်ဖျက်ရမှာပေါ့။ ကျွန်တော့်မှာလည်း ကျွန်တော်တက်သလောက်မှတ်သလောက် စစ်ရေးစွမ်းရည်တော့ ရှိပါတယ်ဗျ” လို့ CDM တပ်သားက ဆိုပါတယ်။
အလားတူပဲ ယင်းမာပင်မြို့နယ်နဲ့ ကပ်လျက်ရှိတဲ့ ဆားလင်းကြီးမြို့နယ်မှာလည်း မနေ့က ညပိုင်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဆီ သေနတ်နှစ်လက်နဲ့အတူ ကျည်ဆန်၊ လက်ပစ်ဗုံး၊ ၄၀ မမ နှစ်လုံးနဲ့ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေယူဆောင်ပြီး အလင်းဝင်ခဲ့ပါတယ်။
လက်ရှိအချိန် မြန်မာနိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သားတွေလည်း များလာသလို ပြည်သူ့ဘက်ကို ရပ်တည်ပြီး အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား၊ လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေလည်း ပိုများလာတယ်လို့ တော်လှန်ရေးအဖွဲ့တွေက ဆိုကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာလည်း လက်နက်ချအညံ့ခံတာအပြင် အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေ လေးရာနီးပါးရှိလာပြီလို့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေရဲ့ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ပုံစာ-လက်နက်ခဲယမ်းနဲ့အတူ KLG အဖွဲ့ဆီ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား။
ဓာတ်ပုံ-KLG

