မူဆယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းပေါ်ကို စစ်ကောင်စီရဲ့လက်နက်ကြီးကျည်ကျရောက်တာကြောင့် ကိုရင်ကြီးတစ်ပါးဒဏ်ရာရ

မူဆယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းပေါ်ကို စစ်ကောင်စီရဲ့လက်နက်ကြီးကျည်ကျရောက်တာကြောင့် ကိုရင်ကြီးတစ်ပါးဒဏ်ရာရ

ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၂၂ (မော်ကွန်း)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့က ဘုန်းတော်ကြီးသင် စာသင်ကျောင်းပေါ်ကို လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး ကိုရင်ကြီးတစ်ပါး ထိခိုက်ဒဏ်ရာရသွားတယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဒီနေ့လယ်ပိုင်းက ထုတ်ပြန်ထားပါတယ်။

ဒီနေ့လယ် ၁၂ နာရီခန့်မှာ မူဆယ်မြို့က ၁၀၅ မိုင်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ မိုင်းယု ကျေးရွာအုပ်စု၊ အောက်နမ့်ဟွယ်ကျေးရွာက ဘုန်းတော်ကြီးသင် ပရဟိတစာသင်ကျောင်းအပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ TNLA သတင်းနဲ့ ပြန်ကြားရေးရဲ့ တယ်လီဂရမ်စာမျက်နှာမှာ ထုတ်ပြန်ထားတာပါ။

ပစ်ခတ်မှုအတွင်း အောက်နမ့်ဟွယ်ဘုန်းတော်ကြီးကျောင်းက ကိုရင်ကြီး တစ်ပါးဟာ ပေါင်နှစ်ဖက်လုံးမှာ ကျည်စထိမှန်ဒဏ်ရာတွေ ရရှိသွားပြီး ကျောင်းဝန်းအတွင်းက ကားသုံးစီးနဲ့ ကျောင်းအဆောက်အဦး သုံးလုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါ၊ နမ့်ခမ်း၊ လားရှိုး အစရှိတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ TNLA အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ရှမ်းမြောက်ဒေသ စစ်ဆင်ရေးမှာ ပါဝင်နေတဲ့ TNLA အဖွဲ့ဟာ ဒီနေ့မနက်ပိုင်းမှာ သီပေါမြို့နယ် ကျင်သီတံတားက စစ်ကောင်စီစခန်း၊ နမ့်ခမ်းမြို့နယ်က စစ်ကောင်စီ စခန်းသစ်ကုန်းနဲ့ လားရှိုးမြို့နယ်က မိုင်းကျက် စစ်ကောင်စီစခန်းကုန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ လားရှိုး၊ သိန္နီ အစရှိတဲ့ မြို့နယ်တွေမှာ ညမထွက်ရအမိန့်ကို စစ်ကောင်စီတပ်က ယခုလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်ထိတော့ မူဆယ်မြို့နဲ့ အနီးမှာ တိုက်ပွဲတွေ မတွေ့ရသေးပေမယ့် မူဆယ်မြို့အဝင်က စစ်ကောင်စီတပ်ဟာ လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်မှုတွေရှိနေတယ်လို့ မူဆယ်မြို့က ဒေသခံတစ်ဦးက ပြောပါတယ်။

“၁၀၅ မိုင်ဆိုတာက မူဆယ်အဝင်မှာရှိတာ။ အဲ့ဒီမှာ စစ်တပ်စခန်းကုန်းအထိုင်တပ်ရှိတယ်။ အဲ့ဒီကနေပစ်နေတာ မကြာခဏကြားရတယ်။ ညမထွက်ရအမိန့်လည်း ထုတ်ထားတော့ လမ်းတစ်လျှောက်တော့ ဘယ်သူမှ မသွားရဲဘူး။ စစ်ကားတွေပဲ လမ်းပေါ်မှာ အသွားအလာရှိတော့တာ” လို့ ၎င်းဒေသခံက ပြောပါတယ်။

မြောက်ပိုင်းညီနောင်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် ရှမ်းမြောက်ဒေသတစ်လျှောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မူဆယ်ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးဟာလည်း လက်ရှိအချိန်ထိ အသုံးပြုလို့မရသေးဘဲ တရုတ်-မြန်မာ ကုန်သွယ်ရေးဟာလည်း ရပ်တန့်နေပါတယ်။

ပုံစာ – လက်နက်ကြီးထိမှန်ခဲ့တဲ့ အောက်နမ့်ဟွယ် ဘုန်းတော်ကြီးကျောင်း
ဓာတ်ပုံ – PSLF/TNLA သတင်းနှင့်ပြန်ကြားရေး

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."