လောက်ကိုင် – ၂၀၂၃ နိုဝင်ဘာ ၁၁ (မော်ကွန်း)
စစ်ရေးအခြေအနေ တင်းမာနေလို့ နေရပ်ပြန်ဖို့ ဆိုင်ကယ်တွေနဲ့ ထွက်လာကြသူတွေ လောက်ကိုင်မြို့နဲ့ ပါစင်ကျော်ကျေးရွာကြားမှာ ပိတ်မိနေပြီး မနေ့က အာဏာသိမ်းစစ်တပ် ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်ကာသေဆုံးသူများတယ်လို့ ပြန်လာကြသူတွေကပြောပါတယ်။
လောက်ကိုင်မြို့နဲ့ ပါစင်ကျော်ကြားမှာ ပိတ်မိနေသူတွေရဲ့အနီးမှာ လောက်ကိုင်မြို့ထဲကနေ လှမ်းပစ်တဲ့လက်နက်ကြီးတွေကျရောက်ပေါက်ကွဲခဲ့တာကြောင့်
ထိမှန်ဒဏ်ရာရသူတွေများတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။
“ပိတ်မိနေတဲ့သူတွေရဲ့ပတ်ပတ်လည်မှာကျတာ၊ထွက်ပြေးတာမြန်မှ၊နှေးတဲ့သူတွေဆိုရင် ဗုံးထိပြီးတော့ ဒဏ်ရာရသူရတယ်၊ သေတဲ့သူသေတယ်၊ အဲ့နားမှာ ပိုးလို့ပတ်လက်ပဲ”လို့ လွတ်မြောက်လာသူတစ်ဦးကပြောပါတယ်။
လောက်ကိုင်မြို့ထဲက အာဏာသိမ်းစစ်တပ်ဟာ အဲဒီပိတ်မိနေတဲ့နေရာတွေဘက်ကို မြို့ထဲဘက်ကနေ လက်နက်ကြီးတွေ တစ်နေကုန်လှမ်းပစ်နေခဲ့တာလို့ လောက်ကိုင်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
“မြို့ထဲကနေအဲ့ဒီဘက်ကိုပစ်နေတာ၊မြို့ထဲကနေကိုအမြှောက်ကြီးတွေနဲ့ထုနေတာ၊ဆက်တိုက်ထုတဲ့ဟာတွေနဲ့ထုတာ၊မနေ့ကဆို မနက်ကတည်းကထုတာ ညအထိပဲ “လို့ လောက်ကိုင်မြို့ဒေသခံတစ်ဦးကပြောပါတယ်။
လောက်ကိုင်မြို့ပြင်မှာ ပိတ်မိနေသူနေသူတွေဟာ လောက်ကိုင်မြို့ထဲကိုပြန်ရောက်လာကြတာကြောင့် အခုလိုသတင်းတွေသိရတာဖြစ်ပြီး ထိခိုက်သေဆုံးဒဏ်ရာရသူ စာရင်းကိုမသိရသေးဘူးလို့ဒေသခံကပြောပါတယ်။
“သေတဲ့သူစာရင်းကိုအတိအကျမသိရသေးဘူး၊ ဘယ်လိုသိရလဲဆိုရင် လွတ်လာတဲ့သူတွေက သူကတော့ သုံးဦးသေတာမြင်တယ်၊ တစ်ယောက်စီမြင်တာပြောပြတာ၊ သူတို့ရှေ့မှာမြင်တာပြောကြတာ”လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးထိတာကြောင့် ထိမှန်သေဆုံးခဲ့ရသူတွေထဲမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေပါ ပါဝင်နေပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပေမယ့် ကူညီကယ်ဆယ်ရေးတွေမရောက်နိုင်သေးဘူးလို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။
“ကျွန်တော်တို့က အကြောင်းအမျိုးမျိုးကြောင့် သွားလို့မရပါဘူး၊သိန္နီကိုသွားမယ်ဆိုတော့လည်းမနက်ကျတော့မှ သွားမရတော့တာပါ၊ခုအဲ့ဒီနေရာကိုလည်း ကျွန်တော်တို့မရောက်နိုင်ပါဘူး”လို့ ရှမ်းမြောက်ဘက်က ကူညီကယ်ဆယ်ရေးအသင်းသားတစ်ဦးကပြောပါတယ်။
ပိတ်မိနေသူတွေ အခုလက်ရှိမှာ လောက်ကိုင်မြို့ထဲကို ပြန်လာနေကြပြီဖြစ်တယ်လို့ သိရပါတယ်။
ပုံစာ – လက်နက်ကြီးထိမှန်ခံရသည့် အရပ်သားများ။
ဓာတ်ပုံ – ပေးပို့

