လှည်းကူး-၂၀၂၃ အောက်တိုဘာ ၁၀ (မော်ကွန်း)
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ ဒီနေ့မနက်ပိုင်းမှာ ရေထပ်တက်လာပြီး မြို့ပေါ်ရပ်ကွက်ငါးခုနဲ့ ကျေးရွာအများစုပါ ရေမြုပ်နေလို့ ရေဘေးရှောင်လာသူတွေ ပိုများလာတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက မော်ကွန်းကိုပြောပါတယ်။
လှည်းကူးမြို့နယ်ထဲမှာ အခုလ ၇ ရက်ကစလို့ ရေဝင်ခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ တချို့နေရာတွေမှာ လူတစ်ရပ်စာမြုပ်တဲ့အထိကို ရေဝင်နေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ AC.16 နာရေးကူညီမှုအသင်းဥက္ကဌ ဦးမာန်မြင့်လွင်က ပြောပြပါတယ်။
“ ခါတိုင်းနှစ်နဲ့မတူအောင်ရေတက်နေတာ။ အခုဟာက လှည်းကူးတစ်မြို့လုံးနီးပါးကို ရေတက်နေပြီးတော့ ရန်ကုန်-ပဲခူးကားလမ်းပေါ့၊ ဘေးနားနားတစ်ဝိုက်လောက်ပဲကျန်တော့တာ။ ကျန်တာတွေ ပတ်ချာလည် မတက်တဲ့ရပ်ကွက်ကို မရှိတော့ဘူး” လို့ ပြောပါတယ်။
လှည်းကူးမြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတစ်ချို့ရေမြုပ်တာဟာ မိုးများပြီး ငမိုးရိပ်ဆည်ရေ စိုးရိမ်မှတ်အထက်ကျော်လာလို့ ရေပိုလွဲကနေဖောက်ချတာကြောင့်လို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ဆိုပါတယ်။
ရေဝင်နေတဲ့ ရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တွေက ဒေသခံတွေကို မြို့ပေါ်ကကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းထားတယ်လို့ ဦးမာန်မြင့်လွင်က ပြောပါတယ်။
“ငါးထပ်ကြီးဘုရားက အဓိက ကယ်ဆယ်ရေးစခန်းပေါ့ဗျာ။ အဲဒီကယ်ဆယ်ရေးစခန်းထဲတောင် ရေဝင်နေလို့ ဒီနေ့ TTC ကျောင်းဘက်ကို ရွှေ့ထားရတယ်ဗျာ။ လောလောဆယ်ကတော့ ကုသိနာရုံ၊အောင်စင်္ကြာရှိတယ်၊ ဘုန်းကြီးကျောင်းကြီးပဲ ငါးကျောင်းရှိတယ်။ အခုကယ်ဆယ်ရေးစခန်းက TTC ရှိတယ်၊ ဘောလုံးကွင်းရှိတယ်” လို့ သူကပြောပါတယ်။
လှည်းကူးမှာ ရေဘေးဒုက္ခသည်ဦးရေ နှစ်ထောင်ဝန်းကျင်အထိရှိလာနေပြီး ကူညီကယ်ဆယ်ရေးမရောက်သေးတဲ့နေရာတွေမှာ ပိတ်မိနေသူတွေပါ ရှိတယ်လို့ လှည်းကူးဒေသခံတွေက ဆိုပါတယ်။
အခုလက်ရှိလှည်းကူးမြို့နယ်မှာ ရေမြုပ်နေတာကြောင့် လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတချို့ ပြတ်တောက်နေသလို ရေဘေးဒုက္ခသည်တွေအတွက်လည်း အစားအသောက်အကူအညီတွေ လိုအပ်နေတယ်လို့သိရပါတယ်။
ပဲခူးမြို့မှာလည်း အခုလ ၇ ရက်ကစလို့ မြို့ပေါ်ရပ်ကွက်တွေမှာ ရေမြုပ်နေပြီး နေအိမ်တွေမှာ ပိတ်မိနေသူတွေရှိသလို ဆက်သွယ်ရေးလိုင်းတွေလည်း ပြတ်တောက်နေပါတယ်။
ပုံစာ-လှည်းကူးမြို့နယ်အတွင်းရေနစ်မြုပ်နေသည့်နေရာများ
ဓာတ်ပုံ-MFSD

