ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၆ (မော်ကွန်း)
စစ်ရေးတင်းမာနေတဲ့ လောက်ကိုင်မြို့က နေရပ်ပြန်လိုသူတွေဟာ “ဝ” ဒေသကနေ ပတ်ပြီး ပြန်ရတာကြောင့် ကုန်ကျစရိတ် ငါးဆထိမြင့်တက်သွားတယ်လို့ ဒေသခံတွေနဲ့ နေရပ်ပြန်လာသူတွေက ပြောပါတယ်။
ယခုရက်ပိုင်းအတွင်းမှာ လောက်ကိုင်မြို့ကို မြောက်ပိုင်းညီနောင်တပ်တွေ ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့စစ်သတင်း ပေါ်ထွက်နေပြီး မြို့တွင်းမှာအလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ မိမိတို့ရဲ့ ဒေသတွေကို ပြန်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ MNDAA အဖွဲ့ဟာ ကိုးကန့်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ တိုက်ခိုက်နေပြီး လောက်ကိုင်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့ထားတာပါ။
လောက်ကိုင်မြို့မှာ လုပ်ကိုင်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း သူတို့ရဲ့အလုပ်တွေကိုပိတ်ပြီး ထွက်ခွာသွားကြသလို အလုပ်သမားတွေနဲ့ နေရပ်ပြန်လိုသူတွေ အများအပြားဟာ ဒီနေ့မနက်ပိုင်းမှာ လောက်ကိုင်ကားဂိတ်မှာ စောင့်ဆိုင်းနေကြတယ်လို့ လောက်ကိုင်မြို့ပေါ်ရောက်ရှိနေတဲ့ အလုပ်သမားတစ်ဦးဖြစ်သူ ကိုဖြိုးက ပြောပါတယ်။
“မြို့ပေါ်မှာ အခုက တရုတ်တစ်ယောက်မှ မရှိတော့ဘူး။ အလုပ်သမားတွေပဲ ကျန်ခဲ့တာ။ အချို့လည်း လူစုပြီးလမ်းလျှောက်ပြန်တာတွေ၊ ဆိုင်ကယ်နဲ့ စုပြန်တာတွေတော့ရှိတယ်။ တိုက်ပွဲဖြစ်နေတော့ အန္တရာယ်တော့ များတယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် နေရပ်ပြန်လိုသူတွေကို “ဝ” ဒေသက လမ်းကြောင်းဖွင့်ပေးထားတာကြောင့် လောက်ကိုင်ကနေ နမ့်တိန်-ပန်ဆန်း လမ်းကနေ “ဝ” ဒေသ ပန်ဆန်းကိုသွားရပြီး အဲ့ဒီကနေမှ လားရှိုးကို တစ်ဆင့်ခံပြန်နေကြရတာကြောင့် ကုန်ကျစရိတ်က ပုံမှန်ထက် ငါးဆခန့်မြင့်တက်သွားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“ကားခက တစ်ယောက်ကို ယွမ် ၂,၀၀၀၊ ၃,၀၀၀ လောက်ကျမယ် မြန်မာငွေဆို ရှစ်သိန်းကျော်လောက် အနည်းဆုံးကျသွားတယ်။ မပြန်မဖြစ် ပြန်ချင်တဲ့သူတွေ၊ အိမ်ကစိတ်ပူလို့ ပြန်ချင်နေတဲ့သူတွေ ပြန်ဖို့စောင့်နေကြတယ်။ အဲ့ဒီဘက်ကသွားရင်တော့ လမ်းမှာ နှစ်ရက်ခရီးတော့ သွားရတယ်” လို့ သူက ပြောပါတယ်။
ယခင်က မန္တလေး-လားရှိုး-မူဆယ်၊ မန္တလေး-လားရှိုး-လောက်ကိုင် လမ်းပိုင်းတွေမှာ ခရီးသည်တင်ကားတွေနဲ့ သွားလာရာမှာ တစ်ဦးကို ငွေကျပ် တစ်သိန်းခွဲခန့်သာ ကျသင့်တာဖြစ်ပြီး လက်ရှိမှာတော့ သယ်ယူပို့ဆောင်စရိတ် ငါးဆထိ မြင့်တက်ခဲ့တာပါ။
ဒါ့အပြင် လောက်ကိုင်မြို့ကို ဆက်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့ဖြတ်တောက်ထားတဲ့အတွက် လောက်ကိုင်မြို့တွင်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကြီးမြင့်နေပြီး ဒေသတွင်း ပရဟိတအဖွဲ့တွေနဲ့ စစ်ကောင်စီတာဝန်ရှိသူတွေရဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေပဲ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မန္တလေး-လားရှိုး-လောက်ကိုင် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းမှ တာဝန်ခံတစ်ဦးကတော့ “လောလောဆယ် ကျွန်တော်တို့ကားကတော့ လားရှိုးထိပဲ တက်လို့ရတော့တယ်။ မန္တလေးကနေ လားရှိုးထိပဲပေါ့။ လားရှိုးအထွက် သိန္နီမှာ တိုက်ပွဲတွေဖြစ်နေတုန်းပဲကြားတယ်” လို့ ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီး ရက်ပိုင်းအတွင်းမှာပဲ လောက်ကိုင်မြို့ကို ပြည်တွင်းဆက်သွယ်ရေးဖုန်းတွေနဲ့ ဆက်သွယ်လို့မရတော့ဘဲ လျှပ်စစ်မီးလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ဆင်ရေးကာလ ၁၀ ရက်ကြာတဲ့အထိ မြောက်ပိုင်းတပ်တွေဟာ လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်ခြင်းမရှိသေးဘဲ မြို့ကိုဝိုင်းရံထားတဲ့ အခြေအနေဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း အခိုင်အမာတပ်စခန်းအများအပြားရှိနေတဲ့အတွက် တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့ လောက်ကိုင်မြို့က ဒေသခံတစ်ဦးကပြောပါတယ်။
“စစ်တပ်ဘက်ကလည်း အရင်လောက်ကိုင်စစ်ပွဲဖြစ်ပြီးတည်းက ဒီဘက်တွေမှာ အထိုင်တပ်တွေ အများကြီးချထားတာ။ ချင်းရွှေဟော်နဲ့ လောက်ကိုင်ကြားမှာ ဒေသကွပ်ကဲရေးတပ်တွေနဲ့ ခြေလျင်တပ်တွေရှိတယ်။ ဝင်တိုက်ဖို့က သိပ်တော့မလွယ်ဘူး။ ဝင်တိုက်ရင်လည်း တိုက်ပွဲက ပိုပြင်းထန်မယ့် အခြေအနေရှိတယ်” လို့ အဆိုပါ လောက်ကိုင်မြို့ခံက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်းမှာ ကိုးကန့်ဒေသက ချင်းရွှေဟော်မြို့အပါအဝင် ဖောင်းဆိုင်၊ သိန္နီမြို့တွေကို ညီနောင်မဟာမိတ်အဖွဲ့တွေက သိမ်းယူထားခဲ့ပါတယ်။
လောက်ကိုင်မြို့နဲ့ အနီးဖြစ်တဲ့ မုံကိုး၊ ဟိုပန် အစရှိတဲ့ ဒေသတွေမှာ စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းညီနောင်တပ်တွေ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းပစ်ခတ်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ MNDAA က မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လောက်ကိုင်မြို့ရဲ့ အရှေ့ဘက်က မြန်မာ-တရုတ် နယ်ခြားမိုင်တိုင် ၁၂၅ အနီးမှာ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်စီမံအုပ်ချုပ်ရေးအဖွဲ့က ဖွင့်လှစ်ခဲ့ပြီး လောက်ကိုင်ဒေသက စစ်ဘေးရှောင်ပြည်သူ ၁၂,၀၀၀ ကျော် ရောက်ရှိနေတယ်လို့ ကိုးကန့်စီမံအုပ်ချုပ်ရေးအဖွဲ့က မနေ့ကထုတ်ပြန်ထားပါတယ်။
နယ်စပ်စီးပွားရေးမြို့တစ်ခုဖြစ်တဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့ကို ၂၀၁၅ နဲ့ ၂၀၁၇ တုန်းကလည်း ဖုန်ကြားရှင်ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒေသတွင်း စစ်ပွဲတွေဖြစ်ပွါးခဲ့ပါတယ်။
ပုံစာ – လောက်ကိုင်မြို့တွင်းမြင်ကွင်း
ဓာတ်ပုံ – ပေးပို့

