ရန်ကုန်-၂၀၂၃ နိုဝင်ဘာ-၃(မော်ကွန်း)
‘၁၀၂၇ စစ်ဆင်ရေး’ ရဲ့ စစ်ရေးပစ်မှတ်တွေကို အပြင်းအထန် ဆက်လက်တိုက်ခိုက်နေပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ စခန်းတွေကို သူတို့ ဆက်သိမ်းနေတယ်လို့ ထိုးစစ်စတင်မှု ရှစ်ရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့ညနေပိုင်းမှာ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့တွေဘက်က သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ မနက်အစောပိုင်းကတည်းက စစ်ကောင်စီပစ်မှတ်တွေကို ထိုးစစ်ဆက်လက်ဆင်နွှဲနေပြီး တအာင်းဒေသနဲ့ ကိုးကန့် အထူးဒေသ(၁)ဘက်မှာ တိုက်ပွဲတွေ ပိုမိုဖော်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီနေ့မှာ နမ့်ခမ်းနဲ့မန့်ဝိန်းကြီးကြား ဆက်သွယ်ထားတဲ့ ရွှေလီမြစ်ကူးကြိုးတံတားက စစ်ကောင်စီစခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့သလို မန်တုံရဲစခန်း၊ မန်တုံမြို့ရှိစစ်ကောင်စီနဲ့ ပြည်သူစစ်ပူးပေါင်းစခန်းတွေကိုလည်း အပြီးသတ်ချေမှုန်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါအပြင် မိုးမိတ်မြို့နယ်က စစ်ကောင်စီရဲ့ ‘ကွန်ခါတပ်စခန်း’ကိုလည်း တိုက်ခိုက်ချေမှုန်းခဲ့သလို စစ်ကောင်စီဘက်ကလည်း လေယာဉ်တွေသုံးပြီး ဗုံးကျဲတာတွေနဲ့ တုန့်ပြန်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲတွေအတွင်း ဖမ်းဆီးမိသူတွေကို စောင့်ရှောက်ထားသလို ဆန္ဒအရ အလင်းဝင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို သူတို့သဘောအတိုင်း အကောင်းဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းက ဒီစစ်ဆင်ရေးတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်သွားသလို စစ်ပြေးဒုက္ခသည်တွေလည်း တိုးလာနေတယ်လို့ ဒေသခံသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။ တိုက်ပွဲနဲ့ ဆက်စပ်တဲ့ လူမှုကွန်ယက်တွေမှာ ဖော်ပြချက်တွေအရ ညီနောင်မဟာမိတ်တွေဘက်က စစ်ကောင်စီရဲ့ အကောင်းပကတိရှိတဲ့ တင့်ကားတွေအထိ သိမ်းပိုက်နိုင်ကြတာကို တွေ့ရသလို ဂိုဒေါင်အပြည့်၊ ကုန်တင်ကားအပြည့် လက်နက်ခဲယမ်းတွေကို သိမ်းပိုက်နိုင်တာကိုလည်း တွေ့ရပါတယ်။
ရှစ်ရက် ရှိလာပြီးဖြစ်တဲ့ ဒီစစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်တွေဘက်က ထုတ်ပြန်ချက်အရ စစ်ကောင်စီလက်အောက်ခံ စခန်းပေါင်း တစ်ရာနီးပါးကို သိမ်းထားနိုင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရှမ်းမြောက်က တိုက်ပွဲတွေကို တုန့်ပြန်မယ်လို့ သူ့အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။ ဒါအပြင် မြောက်ပိုင်းကချင်ပြည်နယ်မှာ စစ်ရေးအရှိန်မြှင့်လာတဲ့ ကချင်တပ် (KIA) ကိုလည်း လက်တုန့်ပြန်မယ်လို့ အစည်းအဝေးမှာကြွေးကျော်ပါတယ်။
ဒါအပြင် ဒီနေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းထဲက ကလေး-တမူးကားလမ်း၊ အိန္ဒိယနယ်စပ်သွားလမ်းပေါ်မှာရှိတဲ့ ခမ်းပတ်မြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ဝင်တိုက်တာဖြစ်ခဲ့သလို စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့ကိုလည်း တပ်ပေါင်းစုတွေဘက်က ဝင်တိုက်တာမျိုး ရှိခဲ့ပါတယ်။
ဒီမနက်ပိုင်းမှာ မြန်မာပြည်ရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မြို့အနီးမှာရှိတဲ့ တွံတေးမြို့နားမှာ စစ်ကောင်စီလက်အောက်ခံ ရေကြောင်းရဲတပ်ဖွဲ့ သင်္ဘောကို တော်လှန်ရေးပျောက်ကြားအဖွဲ့တွေက ဗုံးသီးလောင်ချာတွေနဲ့ ပစ်ခဲ့တာရှိသလို မနေ့ကတော့ မြန်မာပြည်တောင်ဘက်ခြမ်းက ကရင်ပြည်နယ်ထဲမှာရှိတဲ့ ကြာအင်းဆိပ်ကြီးမြို့ကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းရှိပါတယ်။
ပုံစာ- နိုဝင်ဘာ ၂ ရက်က ကိုးကန့်တပ်(MNDAA)က ကိုးကန့်ဒေသ ရှမ်ထုတ်ကျိုင့် ၊ ဟုန်နီထန်နဲ့ကွမ်းလုံရှိ စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ရာမှာ သိမ်းဆည်းမိတဲ့ လက်နက်ခဲယမ်းတချို့နဲ့ မှတ်တမ်းဓါတ်ပုံ ရိုက်နေကြတာ ဖြစ်ပါတယ်။
ဓါတ်ပုံ- ကိုးကန့်မီဒီယာ

