ရန်ကုန် – ၂၀၂၃၊ မေ ၂၆ (မော်ကွန်း)
မိုခါမုန်တိုင်းသင့်လို့ အကြီးအကျယ်ပျက်စီးခဲ့ရတဲ့ရခိုင်မှာ အိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေ တရှိန်ထိုးမြင့်တက်လာတာကြောင့် ရောင်းချသူတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က မေလတတိယအပတ်နှောင်းပိုင်းမှာ ခေါ်ယူသတိပေးခဲ့ပြီးနောက် ဈေးနှုန်းတွေပြန်ကျလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
“ ပြီးခဲ့တဲ့ မေ ၂၂ ရက်လောက်က စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်က အိမ်ဆောက် ပစ္စည်းဆိုင်တွေကိုခေါ်ယူသတိပေးခဲ့တာ။ အဲဒီနောက်ပိုင်းမှာတော့ စျေးတင်ရောင်းတာတွေ မရှိတော့ဘူး။
အိမ်ဆောက်ပစ္စည်း စျေးကွက်ကို အဓိကဝင်ထိန်းလိုက်တဲ့သဘောပါ” လို့ မြောက်ဦးအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ဥက္ကဌတစ်ဦးက ပြောပါတယ်။
မေလ ၁၄ ရက်မှာ တစ်နာရီ မိုင် ၁၄၀ နှုန်းလောက်နဲ့ မိုခါမုန်တိုင်း ရခိုင်ကိုဝင်ရောက်ခဲ့ကာ ဒေသတွင်းမြို့ရွာတွေမှာ အပျက်အစီး၉၀ ရာခိုင်နှုန်းဝန်းကျင်အထိဖြစ်ပေါ်ခဲ့ပြီး နေအိမ်တွေ ပြန်ဆောက်ဖို့ အဓိကလိုအပ်တဲ့အိမ်ဆောက်ပစ္စည်းဈေးနှုန်းတွေဟာလည်း အဆမတန်ထိုးတက်လာခဲ့ပါတယ်။
အဲဒီနောက် ဒီလိုဈေးနှုန်းတင်ရောင်းတာတွေ မလုပ်ဖို့၊ မုန်းတိုင်းသင့်ပြည်သူတွေကိုကူညီဖို့ ULA ဥက္ကဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကုန်သည်တွေကို မေလ ၁၆ ရက်ကတည်းက အသိပေးခဲ့ပါသေးတယ်။
ဒါပေမဲ့ မြောက်ဦးနဲ့စစ်တွေမြို့မှာဆိုရင် မုန်တိုင်းဖြစ်ပြီး ရက်ပိုင်းအတွင်း သွပ်ရိုက်သံတစ်ပိဿာကိုရှစ်သောင်းကျပ်အထိပေးဝယ်ရပြီး သွပ် တစ်ပေကို ၃,၅၀၀ ကျပ်ထိဈေးတက်ခဲ့တာပါ။
အဲဒီနောက် မုန်တိုင်းဝင်ပြီးတစ်ပတ်ကျော်အကြာမှာ အဆမတန်မြင့်တက်နေတဲ့ ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ ကုန်သည်တွေကို ULA/AA က ခေါ်ယူသတိပေးခဲ့ပြီးနောက်မှာတော့ ဈေးတွေပြန်လည်ကျဆင်းလာတယ်လို့ ဒေသခံတွေက မေ ၂၆ ရက်က မော်ကွန်းကို ပြောပါတယ်။
အခုဆို သွပ်ရိုက်သံ တစ်ပိဿာ ၁၅,၀၀၀ ကျပ် အထိ ဈေးနှုန်းကျဆင်းလာသလို သွပ်တစ်ပေကို ကျပ် ၁,၀၀၀ လောက်အထိ ပြန်ကျသွားခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။
ဈေးကျသွားပေမယ့် ပစ္စည်းရှားပါးပြတ်လပ်မှုကတော့ မြေပြင်မှာဖြစ်နေဆဲပဲလို့ မြောက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်မှာဆိုရင်လည်း ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း သံမှိုဈေးတွေအဆမတန် တက်လာတာကြောင့် အရပ်ဖက်အဖွဲ့အစည်းတစ်ချို့ပူးပေါင်းပြီး ရန်ကုန်မြို့ကနေ သွပ်ရိုက်သံတွေမှာယူကာ ရွာတွေကလေဘေးသင့်ပြည်သူတွေကိုလှူဒါန်းပေးတာတွေ လုပ်ဆောင်ကူညီခဲ့ကြပါတယ်။
မြောက်ဦးမြို့နယ်ထဲက ရွာတွေမှာ ULA/AA က သောက်ရေကန်တွေမှာ ရေတွေစုပ်ထုတ်ပေးနေတာတွေ၊ အမိုးအကာတွေနဲ့ အိမ်ဆောက်ပေးနေတာတွေရှိပြီး စစ်ကောင်စီကလည်း ဆန်အိတ်တွေပေးနေတာတွေတော့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုခါမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်ရှိ ကျေးရွာသုံးရာကျော်မှာ ၄၀ ရာခိုင်နှုန်းလောက်ကလုံးဝပျက်စီးသွားခဲ့ပြီး အမိုးအကာနဲ့သောက်သုံးရေအရေးတကြီးလိုအပ်နေတယ်လို့အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။
ဒီမုန်တိုင်းကြောင့် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းဒေသကမြို့ရွာတွေမှာ အဆောက်အအုံတွေ၊ စိုက်ပျိုးမြေတွေနဲ့ ကျွဲနွားတိရစ္ဆာန်တွေ သေကြေပျက်စီးခဲ့ရပြီး သန်းနဲ့ချီတဲ့လူတွေဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
ပုံစာ – ယမန်နေ့ကပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှာ အရပ်အဖက်အဖွဲ့အစည်းတွေ သွပ်၊ သွပ်ရိုက်သံတွေ လှူဒါန်းနေသည့်မြင်ကွင်း။
Photo – PDYO
#Dailynews

