လားရှိုး – ၂၀၂၃ နိုဝင်ဘာ ၃ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ရဲ့ လက်ရှိရှမ်းပြည်မြောက်ပိုင်း စစ်ရေးမှာ ရှုံးနိမ့်နေရတဲ့သတင်းတွေကို Facebook စာမျက်နှာတင်တဲ့ လားရှိုးမြို့က တပ်ထောက်ခံသူတစ်ဦးကို ဒုတပ်ရင်းမှူးတစ်ဦးရဲ့ဇနီးဖြစ်သူက အမှုဖွင့်ထားကြောင်း ဒေသခံဆီကသိရပါတယ်။
အမှုဖွင့်ခံရတဲ့ တပ်ထောက်ခံသူဟာ ၁၉၉၈ ခုနှစ်ကတည်းက စစ်တပ်ကနေ အငြိမ်းစားယူထားတဲ့ သာမာန်စစ်သားတစ်ဦးဖြစ်ပြီး မြဝတီဘဏ်မှာ လုံခြုံရေးလုပ်နေသူလို့ပြောပါတယ်။
သူဟာ ရှမ်းမြောက်မှာ ခုလို အာဏာသိမ်းစစ်တပ်ဘက်က အလုံးအရင်းအထိမနာခင်ကတည်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အားမရတဲ့အတွက် Facebook မှာ ပေါ်ပေါ်ထင်ထင်ဝေဖန်သူဖြစ်တယ်လို့ဆိုပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ “၁၀၂၇ စစ်ဆင်ရေး” စတင်ချိန်မှာတော့ ရှေ့တန်းကစစ်သားတွေဆီ ဆက်သွယ်ပြီး စစ်ရှုံးသတင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေကို မချိတင်ကဲဝေဖန်တဲ့စာတွေနေ့စဉ်ဖော်ပြတာကြောင့် တပ်ထောက်ခံသူတချို့က ဒလန်လုပ်နေတာဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သလို ခုလိုအမှုဖွင့်ခံရတာလည်း မှန်ကန်ကြောင်း သူကိုယ်တိုင် Facebook မှာတင်ထားတယ်လို့ ဒေသခံကပြောပါတယ်။
ဒုတပ်ရင်းမှူးတစ်ဦးရဲ့ ဇနီးက သူ့ကိုအမှုဖွင့်ထားတယ်လို့ပြောထားပြီး ဘယ်ပုဒ်မနဲ့ဖွင့်ထားတယ်ဆိုတာမသိရသေးပါဘူး။
တပ်ထောက်ခံသူတွေကြားမှာ “၁၀၂၇ စစ်ဆင်ရေး” နဲ့ပတ်သက်လို့ လက်အောက်ငယ်သားတွေ သေဆုံးနေရချိန်မှာ စစ်ခေါင်းဆောင်ဟာ အလှူအတန်းတွေ၊ အခမ်းအနားတွေ တက်နေနိုင်တယ်ဆိုပြီး “ဘုရားဒကာကြီး” လို့ နာမည်ပေးနေကြတာကိုလည်း တွေ့ရပါတယ်။

