သဇင်လတ်
ရန်ကုန်-၂၀၂၀၊ အောက်တိုဘာ ၂၁ (မော်ကွန်း)
ရန်ကုန်ရှိ လက်လုပ်လက်စားအများစုနေထိုင်ရာရပ်ကွက်များတွင် အစားအသောက်များ ပြတ်လပ်လာသည့်အတွက် အစိုးရ၏ရိက္ခာဖြန့်ဝေမည့် စီမံချက်များကို စတင်သင့်ပြီဟု အရပ်ဘက်အဖွဲ့အစည်းတစ်ချို့က ပြောသည်။
ရန်ကုန်ဆင်ခြေဖုံးရှိ ကျူးကျော်ရပ်ကွက်များတွင် လက်လုပ်လက်စားများကို အစားအသောက် လှူဒါန်းနေသည့် Food Not Bomb Myanmar အဖွဲ့မှ ကိုကျော်ကျော်က “ ကျွန်တော်တို့လှူရင် တစ်အိမ်ထောင်ကို ဆန်တစ်ပြည် ဒါမှမဟုတ် သုံးပြည်ပေါ့။ ဒီဟာကလည်း တချို့မိသား စုတွေဆို သုံးပတ်လောက်နဲ့ကုန်သွားတာမျိုးရှိမှာ”ဟု ပြောသည်။
၎င်းအဖွဲ့သည် ရန်ကုန်တိုင်းရှိ မြို့နယ်ငါးခုတွင် ကျူးကျော်နေထိုင်သူ တစ်ထောင်ကျော်အတွက် ဆန်နှင့်ကုန်ခြောက်များမျှဝေမှု ၁၀ ကြိမ်ခန့်ပြုလုပ်ထားသည်ဟု ၎င်းကဆိုသည်။
“ အခုချိန်က လိုအပ်တယ်ဆိုတဲ့ စကားထက်တောင်ပိုနေပြီ။ အစိုးရက ဒီအချိန်မှာမှ မလုပ်ရင် ဘယ်အချိန် သွားလုပ်မလဲဗျာ” ဟုကိုကျော်ကျော်က ဆိုသည်။
ဆန်၊ ဆီ ၊ဆား၊ ပဲနှင့် ကြက်သွန်များကို အိမ်ထောင်စု ၂၀၀ ခန့် အတွက် တစ်ရက်ခြားတစ်ခါနှုန်းဖြင့် ထောက်ပံ့နေသည့် Clean Yangon အဖွဲ့ကလည်း သူတို့ကူညီပေးနေသည့် လှိုင်သာယာ၊ တောင်ဒဂုံနှင့် ဒလမြို့နယ်များတွင် ရိက္ခာလိုအပ်ချက်များ ဖြစ်ပေါ်နေသည်ဟု ပြောသည်။
“သုံးလေးရက်လောက်ထမင်းမချက်ရတဲ့ အိမ်တွေလည်းအများကြီးပဲဗျ” ဟု မြေပြင်အခြေအနေကို ယင်းအဖွဲ့၏တာဝန်ခံ ကိုဇေယျာထွန်းက ပြောပြသည်။
စားသောက်ကုန်လှူဒါန်းပေးရန် ဆက်သွယ်အကူအညီတောင်းခံမှုမှာ နေ့စဉ် အကြိမ် ၇၀ခန့် ရှိနေသဖြင့် အစိုးရအကူအညီ အမြန်းဆုံးရောက်သင့်သည်ဟု ၎င်းကပြောသည်။
စက်တင်ဘာ ၂၃ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်ကာ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)နှင့် ပူးပေါင်းကာ ration စနစ် ဖြင့် ရန်ကုန်တိုင်းကို စားနပ်ရိက္ခာဖြန့်ဖြူးပေးနိုင်ရေး အစည်းအဝေးလုပ်ခဲ့သော်လည်း ယနေ့အထိ စတင်သေးပေ။
လှိုင်သာယာမြို့နယ်၊ အပြင်ဗဒံကျေးရွာအုပ်စုတွင်ပါဝင်သော ရွှေသံလွင်စက်မှုဇုန်အတွင်းမှ ကျူးကျော်ရပ်ကွက်၏ ရာအိမ်မှူးဖြစ်သူ ဦးညွန့်ဝင်းက ၎င်းတို့ရပ်ကွက်တွင် စားနပ်ရိက္ခာများဖြန့်ဝေပေးရန် စားရင်းကောက်ယူမှုများပြုလုပ်ထားသည်မှာ တစ်လနီးပါးရှိသော်လည်း မရရှိသေးသဖြင့် အစိုးရ၏ ရိက္ခာဖြန့်ဝေမည့်အချိန်ကို မျှော်လင့်နေကြသည်ဟု ဆိုသည်။
ရိက္ခာဖြန့်ဝေရေးအတွက် COVID-19 ဗဟိုကော်မတီက စတင်စီစဉ်ရာတွင် ရန်ကုန်တိုင်းရှိ ပြည်သူ ခုနစ်သန်းအတွက်ပေးရန် ညွှန်ကြားခဲ့သည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ရှင်းပြသည်။
သို့သော် ယခုအခါတွင် Stay at home သတ်မှတ်ထားသည့် မြို့နယ်များမှ အခြေခံလူတန်းစားများကိုသာ ထောက်ပံ့မည်ဟု ပြောင်းလဲညွှန်ကြားလာသဖြင့် လူဦးရေစာရင်း ပြုစုတင်ပြထားသော်လည်း ရိက္ခာဖြန့်ဖြူးပေးရန် ဗဟိုကော်မတီမှ ယနေ့အထိ ညွှန်ကြားခြင်းမရှိသေးကြောင်း သူကပြောသည်။
ရန်ကုန်တိုင်းတွင် စက်တင်ဘာ ၂၂ မှစတင်၍ အစိုးရရုံးများ၊ အစားအသောက်နှင့်ဆေးဝါး ထုတ်လုပ်သည့် စက်ရုံများကိုသာ ဖွင့်ခွင့်ပြုကာ အသွားအလာကန့်သတ်မှုများပြုလုပ်ခဲ့သည်။ ထို့နောက် အောက်တိုဘာ ၁၂ တွင်မူ COVID -19 စည်းကမ်းချက်များနှင့်ကိုက်ညီသည့် A အဆင့်ရှိသည့်စက်ရုံများကိုပြန်ဖွင့်ခွင့်ပြုထားပြီး အခြားလုပ်ငန်းများကို ဖွင့်ခွင့်မပြုသေးပေ။
ရန်ကုန်တိုင်းသည် COVID-19 ကူးစက်မှု အများဆုံးခံနေရသည့် ဒေသဖြစ်သည်။
ပုံစာ – COVID-19 ပထမလှိုင်းက လှိုင်သာယာမြို့နယ်အတွင်း Joining Hands ပရဟိတအဖွဲ့က အခြေခံစားသောက်ကုန်များအား လိုက်လံဝေငှစဉ်။
ဓါတ်ပုံ – မော်ကွန်း။
#Dailynews

