မန္တလေး-၂၀၂၃ အောက်တိုဘာ ၂၉ (မော်ကွန်း)
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းမှာရှိတဲ့ ဦးပိန်တံတားဟာ ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာ အခါတော်နေ့မှာ လာရောက်လည်ပတ်သူများတာကြောင့် နေ့လယ်ပိုင်းက တံတားကျိုးကျပြီး ထိခိုက်ဒဏ်ရာရသူတချို့ရှိတယ်လို့ အမရပူရဒေသခံတွေက မော်ကွန်းကိုပြောပါတယ်။
“တံတားအရှေ့ဘက်အခြမ်းက အကန့်နှစ်ကန့်ကျိုးကျတာ။ နှစ်နာရီလောက်ကဖြစ်တာပါ။ တံတားကလည်းဟောင်း၊ လာလည်တဲ့သူများတော့ ဝိတ်မခံနိုင်ဖြစ်ပြီး ကျိုးကျတာ။ ကယ်ဆယ်ရေးအဖွဲ့တွေတော့ ကူညီရေးတွေလုပ်နေကြတယ်” လို့ ဦးပိန်တံတားအနီးမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
ကျိုးကျတဲ့ တံတားနဲ့အတူ လာရောက်လည်ပတ်သူတချို့လည်း ရေထဲပြုတ်ကျတာကြောင့် ထိခိုက်ဒဏ်ရာရတာတွေရှိနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
လူထိခိုက်သေဆုံးမှု ရှိမရှိသေချာသိရဖို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းဒေသကြီးကော်မတီကို မော်ကွန်းကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် နောက်မှပြန်ဆက်ဖို့ ပြောပါတယ်။
ဒီနေ့ကျရောက်တဲ့ သီတင်းကျွတ်လပြည့်မှာ မန္တလေးမြို့တွင်းက နာမည်ကြီးနေရာတွေဖြစ်တဲ့ ဦးပိန်တံတား၊ မဟာမြတ်မုနိ၊ ကုသိုလ်တော်၊ မန္တလေးကျောက်တော်ကြီးဘုရား၊ မန္တလေးတောင်နဲ့ တိရိစ္ဆာန်ရုံတွေမှာ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေတယ်လို့ မန္တလေးမြို့ခံတွေက ဆိုပါတယ်။
ပုံစာ-သီတင်းကျွတ်လပြည့်နေ့ လာရောက်လည်ပတ်သူများလို့ ဦးပိန်တံတား ဒီနေ့ နေ့လယ်ပိုင်းက ကျိုးကျခဲ့ပါတယ်။
ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းဒေသကြီးကော်မတီ

