မတ္တရာ – ၂၀၂၄ မတ် ၁၇
မန္တလေးတိုင်း၊မတ္တရာမြို့နယ် ရွေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၅:၃၀ မိနစ်အချိန် စတင် ပစ်ခတ်ဝင်ရောက်လာကာ အသက် ၁၃နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူနှစ်ဦးလုံးကိုဖမ်းဆီးသွားခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။
ရွေးရွာကို အာဏာသိမ်းစစ်တပ်က ခြေလျင်စစ်ကြောင်းနှစ်ကြောင်းနဲ့ အင်အား ၁၀၀ ဝန်းကျင်အသုံးပြုပြီး သေနတ်ပစ်ခတ်ဝင်ရောက်ခဲ့တာလို့ မတ္တရာမြို့နယ်ပကဖသတင်းတာဝန်ခံကပြောပါတယ်
” သေနတ်ကိုရမ်းပစ်ပြီးဝင်လာတဲ့အချိန် ထိသွားတာပါ၊ ကလေးမလေးက ခေါင်းကိုရှပ်ထိသွားတယ်၊အခြားအမျိုးသမီးကတော့ခြေဖနောင့်ကိုထိသွားတယ်၊ အခုတော့သူတို့နှစ်ယောက်လုံးကို မတ္တရာမြို့ပေါ် ကြံ့ခိုင်ရေးရုံးနဲ့ဘုရင့်နောင်ခန်းမမှာခေါ်ထားတယ်လို့သိထားရတယ် “လို့ မတ္တရာမြို့နယ်ပကဖသတင်းတာဝန်ခံဘိုတောက်ကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရွေးရွာက မြင့်မြတ်သော နှလုံးသားပရဟိတအသင်းအဆောက်ဦးနဲ့ကားကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အခြားပြည်သူအိမ်တစ်လုံးကိုလည်းမီးရှို့ခဲ့သေးတယ်လို့ သူကပြောပါတယ်။
ရွေးရွာကိုဝင်လာတဲ့စစ်တပ်က ပရဟိတအသင်းက အခြားကားတစ်စီးကိုလည်း ယူသွားခဲ့ပြီး ဖမ်းဆီးခံရသူနှစ်ဦးရဲ့အခြေအနေကိုမသိရသေးပါဘူးလို့ပြောပါတယ်။
ပုံစာ – ရွေးရွာက မီးရှိ့ဖျက်ဆီးခံလိုက်ရတဲ့ အဆောက်အဦနဲ့ကား
ဓါတ်ပုံ – မတ္တရာမြို့နယ်ပ.က.ဖ

