ရန်ကုန် -၂၀၂၃ အောက်တိုဘာ ၂၈ (မော်ကွန်း)
ရှမ်းမြောက်က တရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်ကိုဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီနေ့မနက်ပိုင်းက တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာကြောင့် ကုန်သွယ်ရေးဆက်လက်ရပ်တန့်နေတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေဖြစ်တဲ့ MNDAA ၊ TNLA ၊ AA လက်နက်ကိုင်အဖွဲ့တွေဟာ မနေ့ကမနက်အစောပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ တာမိုးနဲ၊ နမ့်ဖက်ကာ၊ မူဆယ်၊ နမ့်ခမ်း၊ ဆယ်လန့်၊ ကွမ်းလုံ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင် စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ရှမ်းမြောက်ဒေသကို “၁၀၂၇ စစ်ဆင်ရေး” ဆင်နွှဲနေပြီး တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးကိုလည်း အသုံးမပြုဖို့ ၎င်းအဖွဲ့တွေကထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက်ပိုင်းမှာ လားရှိုး-မူဆယ်လမ်းပေါ်က သိန္နီမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ပြည်ထောင်စုလမ်းမကြီးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးအပြည့်ယူထားတယ်လို့ ကွတ်ခိုင်မြို့နယ်က ဒေသခံကိုစိုင်းလူက ပြောပါတယ်။
“သိန္နီနားက ရေပူစစ်ဆေးရေးဂိတ်ကို ပိတ်ထားတုန်းပဲ။ မနေ့ကတည်းက ပိတ်ထားတာ။ အတက်ကားရော အဆင်းကားရော ပေးမဖြတ်သေးဘူး။ ကွတ်ခိုင်နဲ့ သိန္နီကြားမှာ ဒီမနက်က တိုက်ပွဲဆက်ဖြစ်တယ်။ တစ်လမ်းလုံးစစ်ကားတွေကြီးပဲ” လို့ ကိုစိုင်းလူက ပြောပါတယ်။
လက်ရှိမှာ ပြည်ထောင်စုလမ်းပေါ်က လားရှိုး၊ ကွတ်ခိုင်၊ သိန္နီ စတဲ့မြို့နယ်တွေမှာ တရုတ်နိုင်ငံနယ်စပ်ကို သွားမယ့်ကုန်တင်ကားတွေနဲ့ နယ်စပ်က ပြန်ဆင်းလာတဲ့ ကုန်တင်ကားတွေ၊ ခရီးသည်တင်ကားတွေ နဲ့ အိမ်စီးကားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။
သစ်သီးဝလံ ကုန်သည်တစ်ဦးကတော့ တရုတ်နိုင်ငံကိုတင်ပို့မယ့် ဖရဲသီးကားသုံးစီး လားရှိုးအထွက်မှာပိတ်မိနေပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
“တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးက ဒီလမ်းကြောင်းက အဓိကကုန်သွယ်နေရတာပေါ့။ လက်ရှိကတော့ အခြေအနေစောင့်ကြည့်နေရတာပဲ။ တချို့ ငါးတွေတင်တဲ့ကားတွေဆို ပျက်စီးတာတွေလည်းရှိတယ်ပြောတယ်” လို့ အဆိုပါကုန်သည်က ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ တအောင်းပလောင်လွတ်မြောက်ရေး တပ်မတော် (TNLA) ကတော့ မနေ့ကတစ်ရက်တည်းမှာ လားရှိုးနဲ့ နမ့်ခမ်းမြို့နယ်က စစ်ကောင်စီတပ်စခန်း ငါးခုကို ဝင်ရောက်တိုက်ခိုက်ရာမှာ စခန်းသုံးခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၈ လောင်းနဲ့ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိထားတယ်လို့ ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ကလည်း အဆိုပါစခန်းတွေ ပြန်လည်ရရှိအောင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ TNLA က ဆိုပါတယ်။
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ မြောက်ပိုင်းမဟာမိတ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရှမ်းမြောက်ဒေသက စစ်ကောင်စီစခန်းအချို့ဆုတ်ခွာလိုက်ရတယ်လို့ သတင်းမီဒီယာတွေကို ဝန်ခံပြောကြားထားပြီး နယ်မြေစိုးမိုးမှုပြန်ရအောင် တန်ပြန်ထိုးစစ်ဆင်မယ်လို့ ပြောထားပါတယ်။
ပုံစာ – ပြည်ထောင်စုလမ်းပေါ် ဒီနေ့မနက်ပိုင်းတွေ့မြင်ရစဉ်
ဓာတ်ပုံ – ပေးပို့

