လားရှိုး- ၂၀၂၃၊ အောက်တိုဘာ ၂၇ (မော်ကွန်း)
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ဒီနေ့စတင်တဲ့ “၁၀၂၇ စစ်ဆင်ရေး”ကို ကြိုဆိုကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီညနေမှာ ထုတ်ပြန်ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး”လို့ အမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးကို ကြိုဆိုပြီး စစ်အာဏာရှင်ကျဆုံးရေးအတွက် အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက်ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ဒါအပြင် လက်ရှိဖော်ဆောင်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး”နဲ့ ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်ပြီး စစ်အာဏာရှင်ကို တိုက်ခိုက်သွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီစစ်ဆင်ရေးကို လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ကိုးကန့်(MNTJP/MNDAA)၊ တအာင်း(PSLF/TNLA)နှင့် ရက္ခိုင်(ULA/AA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ အဓိက ကုန်သွယ်ရေးလမ်းမတွေဖြစ်တဲ့ လားရှိုး-မူဆယ်၊ လားရှိုး-ချင်းရွှေဟော်သွား ပြည်ထောင်စုလမ်းမကြီးတွေကို ရက်အကန့်အသတ်မရှိ ပိတ်တယ်လို့လည်း ဒီမနက်မှာ ကြေညာပါတယ်။
ဒီနေ့မနက် ၄:၀၀ နာရီ ဝန်းကျင်ကစတင်တဲ့ “၁၀၂၇ စစ်ဆင်းရေး”အတွင်း ချင်းရွှေဟော်တံတား၊ ဟိုပန်ဒေသ ချွမ်းဟုတ်ရွာ၊ ကွမ်းလုံ၊ မုံးကိုးနဲ့ လားရှိးမြိုရှိ စစ်ရေးအဓိကကျသောနေရာ အများအပြားကို မိမိတိုမှ သိမ်းပိုက်ချေမှုန်းနိုင်ခဲ့ပါသည်” လို့ ကိုးကန့် (MNTJP / MNDAA) က လူမှုကွန်ယက်ကတဆင့် ဒီနေ့လယ်မှာ ထုတ်ပြန် အသိပေးပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ ခုခံနေတယ်လို့ ကိုးကန့်အဖွဲ့က ထုတ်ပြန်တယ်။
လူမှုကွန်ယက်တချို့မှာ တက်လာတဲ့ ဗီဒီယိုတွေမှာတော့ အတွဲလိုက်ပစ် မစ်ဆိုင်းလက်နက်ကြီးတွေသုံးပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကို အာဏာသိမ်းစစ်တပ် ခုခံနေရတာကို တွေ့ရပါတယ်။
ဒါအပြင် ကိုးကန့်အခြေစိုက် မီဒီယာတချို့ရဲ့ ဒီနေ့တိုက်ပွဲသတင်းဖော်ပြချက်အရ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲနဲ့ပြည်သူ့စစ်တချို့ သေဆုံးနေတဲ့ ဓါတ်ပုံတွေလည်း တွေ့ရပါတယ်။
ဒီနေ့ဖြစ်ပွားတဲ့ ရှမ်းမြောက်နဲ့အရှေ့က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်တပ်စခန်းတွေ အသိမ်းခံရတာမျိုးမရှိဘဲ ရဲစခန်းနဲ့ ပြည်သူ့စစ်စခန်းတချို့သာ အသိမ်းခံရတာလို့ VOA မြန်မာပိုင်း သတင်းဌာနကို ဒီနေ့လယ်က ပြောပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ချင်းရွှေဟော်မြို့နဲ့ လောက်ကိုင်မြို့က ဒေသခံတွေ အရေးပေါ် စစ်ရှောင်ကြတာကိုလည်း ကိုးကန့် ဒေသ လူမှုကွန်ယက်တွေမှာ ဖော်ပြနေကြပါတယ်။
ဒါအပြင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာ ပိတ်မိနေတဲ့ ကုန်တင်ယာဉ်တွေ အများအပြားရှိနေတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။
ဒီနေ့တိုက်ပွဲမတိုင်မီ မနေ့တုန်းကတော့ စစ်တပ်ဘက်က နန်ဖာရှမ်းစခန်း၊ မန်တုံပစခန်းနှင့် ပြောက်ကျား လှုပ်ရှားနယ်မြေတွေကို လေကြောင်းကတဆင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် MNDAA တပ်သားတစ်ဦး ကျဆုံးခဲ့ရပြီး လေးဦး ဒဏ်ရာရရှိခဲ့ကာ
ဗုံးသီးတွေရွာထဲကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒီနေ့လယ်မှာ ကိုးကန့်အဖွဲ့က ထုတ်ပြန်အသိပေးပါတယ်။
ဓါတ်ပုံ- ကိုးကန့်မီဒီယာ
ပုံစာ- ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်သည့် ဒီနေ့မနက်ပိုင်း တိုက်ပွဲအတွင်း မဟာမိတ်များသိမ်းနိုင်ခဲ့သည့် အာဏာသိမ်းစစ်တပ်၏ စခန်းတစ်ခု မြင်ကွင်း။
အာဏာသိမ်းစစ်တပ်ပြောခွင့်ရသူကတော့ စစ်စခန်းကျဆုံးခြင်းမရှိဘူးဟု ငြင်းဆိုထားသည်။

