ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၂၄ (မော်ကွန်း)
ငွေလဲနှုန်းကွာဟချက်ကြောင့် ပြည်ပပို့ကုန်လုပ်ငန်းတချို့ တွက်ခြေမကိုက်တဲ့အတွက် ရပ်နားထားရတယ်လို့ ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူတချို့က ပြောပါတယ်။
ပြည်ပကိုကုန်တင်ပို့ရာမှာ ပို့ကုန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ငွေလဲနှုန်း တစ်ဒေါ်လာကို ၂,၁၀၀ ကျပ်နဲ့လဲဖို့ သတ်မှတ်ထားတာက ပို့ကုန်လုပ်ငန်းတွေကို အရှုံးပေါ်စေတာကြောင့် ကုန်တင်ပို့မှုကို အများစုက ရပ်နားထားရတယ်လို့ ရေထွက်ပို့ကုန်တင်ပို့သူတစ်ဦးက ပြောပါတယ်။
“ အခုက ပြန်ဖြေလျှော့ပေးမှပဲရမယ်။ ပြည်တွင်းမှာ အကုန်ဈေးတက်နေပြီးတော့ ၂,၁၀၀ နဲ့ ပြန်လဲရတော့ ဘယ်လိုမှ တွက်ခြေမကိုက်တော့ မပို့ဘဲနဲ့ ရပ်နေလိုက်တာ အကောင်းဆုံးပဲလေ” လို့ အဆိုပါ ပို့ကုန်လုပ်ငန်းရှင်က ပြောပါတယ်။
ယခုဘဏ္ဍာနှစ်ခြောက်လကျော်ကာလအတွင်း ပြည်ပကိုကုန်တင်ပို့မှုကနေ ကန်ဒေါ်လာ ငါးဘီလီယံကျော် ရရှိထားပြီး မနှစ်ကကာလတူတင်ပို့မှုထက် တစ်ဘီလီယံနီးပါးလျော့ကျနေတယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
ပို့ကုန်လုပ်ငန်းရှင်တချို့ကတော့ စစ်ကောင်စီလက်ထက်မှာ ပြည်ပနိုင်ငံတွေကို ဆန်၊ ဆန်ကွဲ၊ ပဲတီစိမ်း၊ နှမ်းမျိုးစုံ၊ ရာဘာ၊ ချုပ်ပြီးအထည်တင်ပို့မှုကဏ္ဍတွေ အနည်းငယ်လျော့ကျသွားတယ်လို့ ပြောပါတယ်။
တရုတ်နယ်စပ်မူဆယ်မြို့က နယ်စပ်ကုန်သည်တစ်ဦးကတော့ ရေထွက်ကုန်တွေ၊ ရာဘာတွေ၊ ပဲမျိုးစုံတွေ နယ်စပ်ကနေ တင်ပို့နေတာရှိပေမယ့် ဆန်တင်ပို့မှုကတော့ လျော့ကျနေတယ်လို့ ဆိုပါတယ်။
“တွက်ခြေကိုက်တဲ့ ကုန်တွေပဲ ရွေးပို့နေတာ လောက်ပဲရှိတယ်” လို့ မူဆယ်နယ်စပ် ကုန်သွယ်မှု အခြေအနေကို အထက်ပါ ကုန်သည်က ပြောပါတယ်။
မြေပြင်ကုန်စည်စုဆောင်းရာမှာလည်း ငွေလဲနှုန်းကွာဟချက်ကြောင့် ဈေးကွက်ပေါက်ဈေး မပေးနိုင်တဲ့အတွက် စိုက်ပျိုးထုတ်လုပ်မွေးမြူသူတွေကို ထိခိုက်စေတယ်လို့ ကုန်သည်တချို့က ပြောပါတယ်။
“ နောက်ဆုံးမှာ ထုတ်လုပ်တဲ့တောင်သူတွေ၊ မွေးမြူရေးသမားတွေမှာလာထိတာပဲ။ သူတို့က ရတဲ့ဈေးနဲ့ လည်စင်းပြီးရောင်းပေးရတော့မှာပဲ” လို့ ရခိုင်ပြည်နယ်အခြေစိုက် နယ်စပ်ကုန်သည်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီကတော့ ပြည်ပကိုကုန်စည်တင်ပို့ရောင်းချလို့ ရလာတဲ့နိုင်ငံခြားငွေကို နှစ်ပတ်အတွင်း သတ်မှတ်ဈေးနဲ့လဲပေးရမယ်လို့ ကုန်သည်တွေကိုကြေညာထားပြီး မလိုက်နာတဲ့ လုပ်ငန်းတွေကို နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ယခုဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံခြားကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံအထိ ရှိမယ်လို့ စစ်ကောင်စီရဲ့ ရသုံးမှန်းခြေငွေစာရင်းမှာဖော်ပြထားပြီ ပမာဏရဲ့ တစ်ဝက်ဖြစ်တဲ့ ၁၆ ဘီလီယံလောက်ကို ပို့ကုန်ကနေရရှိမယ်လို့ ခန့်မှန်းထားတာပါ။
ပုံစာ – မြဝတီကုန်သွယ်ရေးဇုန်မြင်ကွင်း
Photo – Ministry of Commerce

