ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း)
ပြည်ပပို့ကုန်တိုးတက်စေချင်ရင် ကုန်သွယ်မှုဆိုင်ရာကန့်သတ်ချက်တွေကို ဖြေလျှော့ပေးဖို့လိုပြီး ဒေါ်လာဈေးနှုန်းအကွာအဟတွေကိုလည်း ညှိနှိုင်းပေးဖို့လိုတယ်လို့ ကုန်သည်နဲ့စီးပွားရေးပညာရှင်တစ်ချို့က ပြောပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဦးထွန်းအုံက အောက်တိုဘာ ၁၆ ရက်က ရန်ကုန်မြို့က ကုန်သည်စက်မှုအသင်းချုပ်မှာ ရာနဲ့ချီတဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို တွေ့ဆုံပြီး ပို့ကုန်များများပို့နိုင်အောင် လုပ်ပေးကြဖို့တောင်းဆိုခဲ့ပြီးနောက် ကုန်သည်တချို့က အခုလို တုန့်ပြန်ပြောတာပါ။
ရခိုင်ပြည်နယ်နယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပို့ကုန်တင်ပို့နေတဲ့ လုပ်ငန်းရှင်တစ်ဦးကတော့ လိုင်စင်တစ်ခုရဖို့ ထောက်ခံစာယူခိုင်းတာတွေ၊ တင်ပြခိုင်းတဲ့စာရွက်စာတမ်းတွေ များပြားလွန်းတဲ့အတွက် “ လိုင်စင်လျှောက်တာတွေမှာ ထင်ထားတာထက်ကြာတယ်” လို့ ဆိုပါတယ်။
ဒါအပြင် ပို့ကုန်ပို့ပြီးတဲ့နောက် ရလာတဲ့နိုင်ငံခြားငွေကို စစ်ကောင်စီက မြန်မာငွေနဲ့ပြန်လဲပေးရာမှာ အပြင် ပေါက်ဈေးနဲ့ကွာဟနေတာက လုပ်ငန်းလုပ်ကိုင်ရခက်ခဲစေတယ်လို့ သူကဆိုတယ်။
“ ဒေါ်လာပေါ့၊ အဲဒါကလည်း သူတို့သတ်မှတ်ဈေးနဲ့ အပြင်ဈေးကွာနေတာတွေက ကျွန်တော်တို့အတွက် အခက်အခဲတွေပဲ အဲဒီအခြေအနေတွေကြားမှာ ယက်ကန်ယက်ကန်နဲ့ ပို့နေရတာ” လို့ သူက ပြောပါတယ်။
တစ်ဒေါ်လာကို ပြင်ပပေါက်ဈေး ၃,၃၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းဝယ်နေချိန်မှာ စစ်ကောင်စီက ပို့ကုန်ကနေရလာတဲ့ ကုန်သည်တွေရဲ့ ဒေါ်လာကို ၂,၁၀၀ ကျပ်နဲ့တစ်ဝက် ၂,၉၀၀ ကျပ်နဲ့တစ်ဝက် လဲပေးနေတဲ့စနစ်က လုပ်ငန်းခွင်မှာ အခက်တွေ့နေစေတာလို့ ကုန်သည်တချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံခွဲလောက် ရှိရာမှာ ကုန်သွယ်မှုပို့ငွေ နှစ်ဘီလီယံကျော်လောက်ရှိခဲ့တဲ့ စစ်ကောင်စီဟာ ဒီဘဏ္ဍာနှစ် ခြောက်လတာ ကုန်သွယ်မှုမှာတော့ ကုန်သွယ်မှုလိုငွေ တစ်ဘီလီယံပြနေတာပါ။ ဒါကိုဖြေရှင်းနိုင်ဖို့ ပို့ကုန်များများ ပိုပေးကြဖို့ ဦးထွန်းအုံက အဲဒီဆွေးနွေးပွဲမှာ တောင်းဆိုခဲ့တာလို့ ပွဲတက်ရောက်ခဲ့သူလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကုန်သည်စက်မှုအသင်းချုပ်ကလည်း အဲဒီဆွေးနွေးပွဲမှာ ဦးထွန်းအုံက ကုန်သွယ်မှုလိုငွေများနေတာကို လျှော့နိုင်ဖို့ ပို့ကုန် ပမာဏ တိုးပို့ကြဖို့ ပြောကြောင်း သတင်းထုတ်ပြန်ပါတယ်။
ငွေကြေးဈေးကွက်ကိုလေ့လာတဲ့ စီးပွားရေးပညာရှင်တစ်ဦးကတော့ ပို့ကုန်များစေလိုရင် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းတွေ အဆင်ပြေလာအောင် စစ်ကောင်စီကလုပ်ပေးမှသာရမယ်လို့ ဆိုပါတယ်။
“ ရှိရင်းစွဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများကြီးထွက်သွားတယ်။ နောက်ထပ်လည်း ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ နိုင်ငံတကာကို သိသိသာသာ စွဲဆောင်နိုင်တာ မရှိဘူး။ အဲဒီအခြေအနေမှာ ပို့ကုန်က ကျဆင်းသွားတာပါ။ ပို့ကုန် ပြန်တက်ဖို့ဆိုရင် ပြည်တွင်းမှာ လုပ်ငန်းတွေပိုလုပ်ရကိုင်ရတာ အဆင်ပြေအောင် ဖြေလျှော့ပေးရမှာပေါ့” လို့ သူက ပြောပါတယ်။
အာဏာသိမ်းထားတဲ့စစ်ကောင်စီကို နိုင်ငံတကာအသိုက်အဝန်းက စီးပွားရေးပိတ်ဆို့ထားတာကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေးထက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နဲ့ နယ်စပ်ကုန်သွယ်ရေးကို အဓိကအားကိုးနေရတာပါ။
Photo – Asia world Port
ပုံစာ – ရန်ကုန်ဆိပ်ကမ်းကိုမြင်ရစဉ်

