ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၉ (မော်ကွန်း)
ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် ဒေသခံပြည်သူ ငါးထောင်ခန့်ဟာ အရေးပေါ်လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီနေတဲ့အဖွဲ့တွေနဲ့ KNU တို့ထံက သိရပါတယ်။
KNU ရဲ့ တပ်မဟာ (၃) နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ်က ကျေးရွာပေါင်း ၁၈ ရွာခန့်ဟာ ရက်ပိုင်းအတွင်းကဖြစ်ပွားခဲ့တဲ့ ရေကြီးနစ်မြုပ်မှုတွေကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ KNU က မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါဒေသမှာ ရေကြီးနစ်မြုပ်မှုကြောင့် လယ်ဧကပေါင်း ခုနှစ်ထောင်ကျော် ရေနစ်မြုပ်ခဲ့ပြီး အဲ့ဒီအထဲက စပါးခင်း သုံးထောင်ကျော်ခန့်ဟာ ပျက်စီးသွားတယ်လို့ ထုတ်ပြန်ထားတာပါ။
ကျေးရွာအဆင့် မြေယာကော်မတီများမှ ပေးပို့လာသော စာရင်းများအရ ကျေးရွာစုစုပေါင်း (၁၈)ရွာမှ အိမ်ထောင်စုပေါင်း (၈၄၉) စု၊ လူဦးရေ စုစုပေါင်း (၄၇၈၈) ဦးမှာ အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါ ဒုက္ခသည်တွေဟာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရကာ စားဝတ်နေရေးအတွက် လုပ်ကိုင်စားသောက်ဖို့နဲ့ ကျန်းမာရေး ကုသမှု အခက်အခဲတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဒေသတွင်း အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။
လက်ရှိမှာ အဆိုပါ ဒေသဟာ စစ်တပ်နဲ့ KNU အကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာဖြစ်တဲ့အတွက် ကူညီကယ်ဆယ်ရေးတွေလည်း လက်လှမ်းမမီတဲ့ ဒေသတွေဖြစ်တယ်လို့ အဆိုပါ ဒေသမှာ စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
“အဲ့ဒီကျောက်ကြီးဘက်က အရင်တည်းက ဆန်တွေ၊ ဆီတွေ စားနပ်ရိက္ခာသယ်ယူခွင့်တွေပါ ပိတ်ထားတဲ့ ဒေသတွေ။ ပဲနွယ်ကုန်းကနေ ကျောက်ကြီးသွားတဲ့လမ်းကို စစ်တပ်ကပိတ်ထားတာ။ သူတို့မှာ ဒီစိုက်ပျိုးထားတဲ့ စပါးခင်းတွေ ပျက်သွားတော့ စားစရာတောင် ရှိတော့မှာမဟုတ်ဘူး။ ရေက အခုထိတောင် မကျသေးဘူး” လို့ ဒေသတွင်း ကူညီနေသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုဖြစ်ခဲ့တာကြောင့် ပဲခူးမြို့အပါအဝင် ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ်တွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မိုးစပါး စိုက်ဧကပေါင်း ၄,၇၀၀ ကျော် ပျက်စီးသွားတယ်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ကျောက်ကြီးမြို့နယ်ဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ စစ်ကောင်စီတပ်တွေ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဒေသဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းကမှ စစ်ကောင်တပ်ရဲ့ အခြေစိုက်တပ်ရင်းတစ်ခုဖြစ်တဲ့ သစ်ချဆိပ်တပ်စခန်းကို KNU ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
လက်ရှိမှာလည်း အဆိုပါဒေသကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေကာ လက်နက်ကြီးတွေနဲ့လည်း မကြာခဏပစ်ခတ်နေတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – ကျောက်ကြီးမြို့နယ်က ရေကြီးနစ်မြုပ်နေတဲ့ မြင်ကွင်း
ဓာတ်ပုံ – KNU

