ယင်းမာပင် – ၂၀၂၃ အောက်တိုဘာ ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ကို ဒီကနေ့ အာဏာသိမ်းစစ်တပ်ဟာ အင်အားအများအပြားနဲ့စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၂၀ ဝန်းကျင်ကို ဓါးစာအဖြစ်ဖမ်းဆီးထားတယ်လို့ ယင်းမာပင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သတင်းရရှိပါတယ်။
ပုလဲမြို့နယ််၊ ချင်ပျစ်ရွာကနေထွက်လာတဲ့ စစ်ကြောင်းဟာ ယင်းမာပင်၊ အင်းထန်းတောကုန်း(နံ့သာကုန်း)ရွာကို ဝင်ရောက်လာစဉ် ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဒီကနေ့ နံနက်ပိုင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
“တိုက်ပွဲက ပုလဲ၊ယင်းမာပင်နယ်စပ် ယမားထဲမှာဖြစ်တာဗျ။အင်းထန်းတောကုန်းရွာတောင်ဘက်ပေါ့ဗျာ။တိုက်ပွဲကရန်သူအင်အားများတော့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေဘက်ကနောက်ဆုတ်လိုက်ရတယ်။ကို့ဘက်ကထိခိုက်မှုရှိတယ်။ တစ်ယောက်က ခေါင်းဖြတ်သတ်ခံရတာ”လို့ ယင်းမာပင်မြို့နယ် ပ.က.ဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
စစ်ကြောင်းထိုးရင်း ဖမ်းဆီးလာတဲ့ ပုလဲမြို့နယ် ရွာနောင်ရွာက အမျိုးသားနှစ်ဦးမှာ တစ်ဦးပြန်လွတ်လာပြီး ယင်းမာပင်မြို့နယ်၊ အင်းထန်းတောကုန်းရွာသား ၂၀ခန့်လည်း အဖမ်းခံထားရတယ်လို့လည်း ရပ်ကျေး ပ.အ.ဖအဖွဲ့ဝင်တစ်ဦးထံက သိရပါတယ်။
အဲဒီ အဖမ်းခံထားရတဲ့ရွာသားတွေဟာ တိမ်းရှောင်နေရာကနေ အာဏာသိမ်းစစ်တပ် ပြန်ထွက်သွားပြီအထင်နဲ့ ရွာထဲကို နွားစာကျွေးဖို့ပြန်ဝင်ကြတာလို့ ဒေသခံတွေဘက်က ပြောနေကြပါတယ်။
ဖမ်းဆီးခံထားရသူတွေ အခုအချိန်ထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးပါဘူး။
လတ်တလော အာဏာသိမ်းစစ်တပ်ဘက်က အင်အား ၁၈၀ခန့်ဟာ ယင်းမာပင်မြို့နယ် ရွှေလှံရွာနဲ့ အင်းထန်းတောကုန်းရွာမှာ တပ်စွဲထားတယ်လို့ ရပ်ကျေး ပ.အ.ဖ အဖွဲ့ဝင်ကပြောပါတယ်။
စစ်ကြောင်းထိုးမှုကြောင့် ချင်ပျစ်၊ မုံသွင်၊ ရွာနောင်၊ အင်းထန်းတောကုန်း၊ ရွှေလှံ၊ ပေါက်သဖ၊ ကြိုးကြာဝင်း၊ မင်းမကုန်း၊ အထက်ငနန်း၊ အောက်ငနန်း၊ မောက်လုပ်၊ ရင်ပေါင်တိုင်၊ ဆင်တဲစတဲ့ကျေးရွာတွေ စစ်ဘေးရှောင်နေကြရပါတယ်။

