ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၃ (မော်ကွန်း)
ပြီးခဲ့တဲ့ရက်တွေအတွင်း သည်းထန်ခဲ့တဲ့မိုးကြောင့် ပဲခူးတိုင်းမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပွားခဲ့ရာ ဒီလကုန်ပိုင်းမှာ ရိတ်သိမ်းရဖို့ ရှိနေတဲ့ စပါးခင်းတွေ ဧကသောင်းချီ ရေမြုပ်ခဲ့တယ်လို့ တောင်သူတချို့နဲ့ ကုန်သည်တွေက ပြောပါတယ်။
လက်တလောမှာ ရေလွှမ်းဆဲဖြစ်တာကြောင့် စာရင်းအတိအကျ မရသေးပေမယ့် ခန့်မှန်းခြေ ဧက ငါးသောင်းဝန်းကျင် အထိ ရေမြုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ ပဲခူးတိုင်းဥက္ကဌက သတင်းမီဒီယာတချို့ကို ပြောပါတယ်။
ဒါ့အပြင် ဒီရေလွှမ်းမိုးမှုကြောင့် ပဲခူး၊ ဒိုက်ဦး၊ ကဝ၊ သနပ်ပင် နဲ့ ဝေါမြို့နယ်တွေမှာ ရေလွှမ်းဧရိယာက ဧက ၁၇၀,၀၀၀ ကျော်လောက် ရှိခဲ့တယ်လို့ ကုလသမဂ္ဂကျောထောက်နောက်ခံပြုထားတဲ့ မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှု ယူနစ်ကလည်း ကောင်းကင်ဓါတ်ပုံတွေနဲ့ ခန့်မှန်းထားပါတယ်။ ဒီရေလွှမ်းမိုးမှုတွေကြောင့် အထက်ပါ မြို့နယ်တွေမှာ နေထိုင်သူပေါင်း တစ်သိန်းကျော်လောက် ထိခိုက်ခံစားရတယ်လို့လည်း ဒီအဖွဲ့က ခန့်မှန်းထားပါတယ်။
ရေလွှမ်းမိုးနစ်မြုပ်တဲ့ ဒေသတစ်ခုဖြစ်တဲ့ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ကံပေါက်ကျေးရွာက လယ်သမားတစ်ဦးကတော့ သူတို့ရွာမှာတင် စပါးခင်း ဧကထောင်ချီ ရေမြုပ်သွားတယ်လို့ မော်ကွန်းကို ပြောပါတယ်။
“ ရွာမှာက စပါးဧက ၂,၀၀၀ နီးပါး စိုက်ကြတယ်။ ဧက ၁,၁၀၀ ကျော် လောက်ပျက်စီးသွားတယ်။ စပါးရိတ်ခါနီးအချိန်ကြမှ ရေကြီးလို့ စပါးခင်းတွေအကုန်ပျက်ကုန်ကြတာ” လို့ ကံပေါက်ကျေးရွာက တောင်သူတစ်ဦးကပြောပါတယ်။
ကဝအခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတချို့ကတော့ ရေကြီးမှုကြောင့် သူတို့ဒေသက ရွာ ၃၀ ကျော်ရှိတဲ့အနက် ၂၀ ကျော် ရေမြုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ရေကြီးစဉ်တုန်းကလည်း ကဝမြို့နယ်မှာ စပါးစိုက်ခင်းတွေ ရေလွှမ်းခံရလို့ ပျက်စီးတာ ရှိသလို အခုအကြိမ် က ဒုတိယအကြိမ်လို့ ကံပေါက်ရွာသားတစ်ဦးက ပြောပါတယ်။
“ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဧက ၂၀ လောက်ပါသွားတယ်။ အခု လည်း ၂၀ လောက်ပါသွားတယ်။ စုစုပေါင်း ဧက ၄၀ လောက် ပျက်သွားတယ်။ မှည့်တဲ့အချိန်မှ ထပ်မြုပ်တာ။ ကျွေးထားတဲ့ ဓာတ်မြေဩဇာတွေ နဲ့ ဘာနဲ့ ဆို တစ်ဧက ကို လေး၊ ငါး သိန်းလောက် ရှုံးသွားတယ် ” လို့ သူက ပြောပါတယ်။
မြန်မာသတင်းအချက်အလက်ယူနစ်ရဲ့ စာရင်းတွေအရ အခုတစ်ကြိမ်ရေဘေးကြောင့် ကဝမြို့နယ်မှာ လူပေါင်း ၁၂,၀၀၀ ကျော် လောက် ရေဘေးသင့်ခဲ့တယ်လို့ ဖော်ပြပါတယ်။
စံချိန်တင်မိုးရွာသလို မြစ်ရေတွေလည်း တိုးလာတာကြောင့် ဒီတစ်ခါရေကြီးမှုက ပဲခူးဒေသမှာ စံချိန်တင် ဖြစ်စဉ်တစ်ခုလို့ ပဲခူးဒေသခံတွေက ပြောကြပါတယ်။ ရေကြီးမှုကြောင့် ဒေသထဲမှာ ရွာပေါင်းများစွာ ရေမြုပ်ခဲ့သလို ပဲခူးမြို့ရဲ့ ၈၀ ရာခိုင်နှုန်း လောက်အထိ ရေလွှမ်းမိုးမှု ခံခဲ့ရတယ်လို့ ဒေသခံ တချို့က ခန့်မှန်းပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ပဲခူးမြစ်ရေ လျှံလာလို့ မြို့မှာ ရေဘေးတွေ့ခဲ့သေးပေမယ့် ဒီတစ်ကြိမ်က အဆိုးဆုံးလို့ အကူအညီပေးသူ တချို့က ပြောပါတယ်။
ဒါအပြင် ပဲခူးတိုင်းနဲ့ ထိဆက်နေတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာလည်း ရေလွှမ်းမိုးမှု ဖြစ်ခဲ့ပြီး စပါးခင်းတွေ ရေမြုပ်ပျက်စီးတာတွေ ရှိတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ချို့က ပြောပါတယ်။
ဒီရေကြီးမှုကြောင့် ရန်ကုန်တိုင်းက လှည်းကူးနဲ့ ခရမ်းမြို့နယ်တွေမှာ ရေလွှမ်းဧရိယာက ဧက ၁၇,၀၀၀ ကျော် လောက်ရှိတယ်လို့ မြန်မာ သတင်းအချက်အလက်ယူနစ်က ထုတ်ပြန်ထားပြီး ရေဘေးသင့်သူက အဲဒီနှစ်မြို့နယ်မှာ ၁၈,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။
ပုံစာ- စပါးစိုက်နေသည့်တောင်သူများ
ဓာတ်ပုံ – မော်ကွန်း

