မတ္တရာ – ၂၀၂၃ အောက်တိုဘာ ၇ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သဖန်းကိုင်းရွာ၊ ဘုန်းကြီးကျောင်းမှာ မနေ့ညနေပိုင်းက ပုပ်စော်နံတာကြောင့် ရွာသူရွာသားတွေသွားကြည့်ချိန်မှာ မြေမြှုပ်ထားတဲ့ အမျိုးသားတစ်ဦးရဲ့အလောင်းကိုတွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်း သဖန်းကိုင်းရွာမှာ အာဏာသိမ်းစစ်တပ်က တပ်လာစွဲထားတာ တစ်ပတ်ကျော်ကြာပြီဖြစ်ပြီး စစ်တပ်ပြန်ထွက်သွားချ်ိန်မှာ အလောင်းတွေ့ခဲ့ရတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ဘုန်းကြီးကျောင်းထဲအနံ့ထွက်နေလို့၊ တူးကြည့်မှတွေ့တာ၊ သဖန်းကိုင်းမှာတပ်စွဲတုန်းကသတ်သွားတာ၊ သတ်ခံထားရတာက စစ်တပ်က ဓားစာခံဖမ်းသွားတဲ့သူ၊ ခုစစ်ကြောင်းကအောင်ချမ်းသာရွာကိုရွေ့သွားပြီ”လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
သေဆုံးသူ အသက်၄၅နှစ်အရွယ် သဖန်းကိုင်းရွာသားကို ဘုန်းကြီးကျောင်းအနောက်ဘက်သရက်ခြံထဲမှာ အလောင်းတွေ့ခဲ့ရတာလို့ သူကပြောပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ မတ္တရာမြို့နယ် အောင်ချမ်းသာရွာကိုမနေ့ကရွေ့သွားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က မတ္တရာမြို့နယ်ထဲကို စစ်ကြောင်းနှစ်ကြောင်းခွဲထိုးနေပြီး မြောင်သစ်ရွာက အင်အား ၁၀၀ ရှိတဲ့စစ်ကြောင်းကလည်း မနေ့က မြောင်သစ်ရွာက ပြည်သူ ၃၀ ဝန်းကျင်ကို ဖမ်းဆီးထားကာ ကျောက်တံတားရွာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ပြောပါတယ်။
ပုံစာ – သေဆုံးသူအလောင်းအား တူးဖော်တွေ့ရှိရစဉ်
ဓါတ်ပုံ – ဒေသခံ

