မုံရွာ-၂၀၂၃ အောက်တိုဘာ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အထွက် မုံရွာ-မန္တလေးကားလမ်းမပေါ်က စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်တွေဟာ လမ်းပေါ်နေ့စဉ်သွားလာနေတဲ့ ကုန်ကားတွေ၊ ခရီးသည်တင်ယာဉ်တွေကို တားဆီးစစ်ဆေးပြီး ငွေအတောင်းကြမ်းနေလို့ အခက်အခဲတွေကြုံနေရတယ်လို့ လမ်းအသုံးပြုသူတွေက မော်ကွန်းကိုပြောပါတယ်။
“ အဲဒီနေ့က လမ်းပေါ်မှာတိုက်ပွဲတစ်ခုခုဖြစ်လို့လားမသိဘူး၊ မုံရွာကအထွက် လာသမျှကားတွေ အကုန်တားစစ်တာ။ ကျွန်တော်တို့ကားကိုလည်းတားပြီး သိန်းတစ်ရာတောင်းတယ်။ မပေးရင်ဖမ်းမယ်တဲ့။ နောက်ဆုံးညှိလိုက်တာ ၁၅ သိန်းနဲ့တည့်သွားလို့ ပြန်လွှတ်ပေးတာ။ ဖုန်းလည်းသိမ်းသွားတယ်” လို့ ကုန်ကားမောင်းသူတစ်ဦးက သူကြုံခဲ့ရတာကို ပြောပါတယ်။
အဲဒီ့စစ်ဆေးရေးဂိတ်တွေဟာ စစ်ကောင်စီယာဉ်တန်းတွေ လမ်းပေါ်မိုင်းဆွဲခံရတာ၊ တိုက်ခိုက်ခံရတာတွေဖြစ်တဲ့နေ့တွေမှာ ပိုအစစ်ဆေးတင်းကြပ်လေ့ရှိပြီး ငွေမပေးရင် ဖမ်းဆီးတာမျိုးတွေပါလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ခရီးသည်လူငယ်တစ်ဦးက ပြောပါတယ်။
“ ကျွန်တော့်တုန်းက သူတို့မသင်္ကာလို့နေမှာ၊ သေနတ်နဲ့ ရင်ဘတ်ထောက်ပြီး ကားပေါ်ကဆင်းခိုင်းတာ။ အောက်ကျတော့ လမ်းပေါ်ဝမ်းယားမှောက်ခိုင်းပြီးစစ်တယ်။ မှတ်ပုံတင်၊ ဖုန်းအကုန်ပဲ။ ဖုန်းထဲမှာ သတင်းဌာနတစ်ခုကို like ပေးမိထားတာတွေ့သွားတော့ သုံးသောင်းတောင်းတာ။ မပေးရင်ဖမ်းမှာတဲ့။ အတင်းတောင်းပန်ပြီး ညှိလိုက်တာ။ အဲ့တာဆိုငါးထောင်တော့ပေးထားခဲ့တဲ့။ အဲဒီကျမှ ကျွန်တော်တို့ကားလည်း ထွက်ရတာ” လို့ သူကြုံတွေ့ခဲ့ရတာကိုပြောပြပါတယ်။
မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် ရှစ်ခုထက်မနည်းရှိတယ်လို့ ခရီးသည်တင်ယာဉ်မောင်းတွေကပြောပါတယ်။ အဲဒီစစ်ဆေးရေးဂိတ်တစ်ခုကို တစ်ခါဖြတ်တိုင်း ကျပ်တစ်ထောင်ပေးရလေ့ရှိပြီး အိမ်စီးကားတွေနဲ့ သူတို့မသင်္ကာတဲ့ကားတွေဆို သူတို့တောင်းသလောက်ပေးရလေ့ရှိတယ်လို့ လမ်းအသုံးပြုသူတွေကဆီက သိရပါတယ်။
မုံရွာ-မန္တလေးကားလမ်းပေါ်မှာ စစ်ကောင်စီတပ်ယာဉ်တန်းတွေ မကြာခဏတိုက်ခိုက်ခံရလေ့ရှိပြီး အခုနှစ်ဩဂုတ်လထဲမှာလည်း စစ်ကောင်စီတပ်ရဲ့ ကား ၃၆ စီးပါယာဉ်တန်းတစ်ခုကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ-မုံရွာ-မန္တလေးလမ်းပိုင်းတစ်နေရာ
ဓာတ်ပုံ-မော်ကွန်း

