ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၂၂ (မော်ကွန်း)
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး-လွိုင်လင် ကားလမ်းပေါ်မှာရှိတဲ့ မိုင်းပွန်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ PNLA ပူးပေါင်းတပ်တွေ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့လယ်ပိုင်းမှာ မိုင်းပွန်မြို့ အနောက်မြောက်ဘက်က ကျေးရွာတွေနဲ့ တောင်ကုန်းတွေကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မိုင်းပွန်ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
“မြို့ပေါ်တော့ မဟုတ်ဘူး။ မိုင်းပွန်အနီးနားက ရွာတွေနဲ့ တောင်ကုန်းတွေပေါ်ကို လေယာဉ်နဲ့ ဗုံးကြဲနေတာ။ လေယာဉ်သံတွေရော လက်နက်ကြီးသံတွေပါ မြို့ထဲကနေ ကြားနေရတယ်” လို့ ၎င်းက ပြောပါတယ်။
မိုင်းပွန်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား မနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ကာ ဒီနေ့လယ်ပိုင်းထိ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေတာပါ။
စစ်ကောင်စီတပ်ဟာ မနေ့ညနေပိုင်းကစပြီး ဟိုပုံး – မိုင်းပွန် – လွိုင်လင် ကားလမ်းကို ပိတ်ထားလိုက်တာကြောင့် ကားလမ်းပေါ်မှာလည်း ခရီးသည်တင်ကားတွေ၊ ကုန်တင်ယာဉ်တွေ အများအပြားပိတ်မိနေတယ်လို့ လမ်းအသုံးပြုသူတွေက ပြောပါတယ်။
“မနေ့တည်းက ပိတ်မိနေလို့ ညအိပ်စောင့်နေကြတာ။ ဒီနေ့ထိတော့ မဖွင့်သေးဘူး။ အဲဒီမှာပိတ်ထားတုန်းပဲ။ ကျွန်တော်တို့လိုင်းက ကားလည်း ပိတ်မိနေတယ်” လို့ ပင်လုံ-တောင်ကြီး ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ကတော့ မနေ့က ဟိုပုံးမြို့ရဲ့ အရှေ့ဘက်မှာ စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေဟာ PNLA စစ်ကြောင်းကို လာရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သူတို့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် လေးဦးသေဆုံးကာ လက်နက်ငယ်လေးလက်၊ ၆၀ မမ လက်နက်ကြီးတစ်လက်နဲ့ ကျည်ဆန်တွေအပါအဝင် ကားတစ်စီးပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့က ဆီဆိုင်မြို့အတွင်းနဲ့ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသနဲ့ ထမ်းဆန်းဂူဒေသတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
PNLA နဲ့ တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်က ဆီဆိုင်မြို့နဲ့ ပတ်ဝင်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးတိုက်ခိုက်လာပြီးနောက် ဆီဆိုင်မြို့ နယ်နဲ့ ဟိုပုံးမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေတာပါ။
ပုံစာ – ဟိုပုံး-လွိုင်လင်ကားလမ်းပေါ်မှာ ဒီနေ့မနက်ပိုင်းကားတွေပိတ်မိနေတဲ့မြင်ကွင်း
ဓာတ်ပုံ – Bhone Zen