ဆားလင်းကြီး – ၂၀၂၃ စက်တင်ဘာ ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း အောက်ဘက်ကိုစုန်ဆင်းလာတဲ့ စစ်ကောင်စီတပ်သင်္ဘောအုပ်စုဟာ ဒီနေ့မနက် ၈ နာရီခွဲဝန်းကျင်ကစပြီး မြစ်ကမ်းတစ်လျှောက်က ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
ဒီကနေ့ နံနက် ၈း၃၀ လောက်က စတင်ကာ မုံရွာမြို့၊ အလုံမင်းထောင့်ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေယာဥ်လေးစီး ၊ မိုးကာအုပ်သင်္ဘောခုနစ်စီး၊ သစ်တင်သင်္ဘောငါးစီး စုစုပေါင်း ၁၆ စီးပါ ရေယာဥ်အုပ်စုဟာ အောက်ဘက်ကို စုန်ဆင်းလာတာပါ။
အဲဒီရေယာဉ်အုပ်စုဟာ ဟုမ္မလင်းဘက်ကနေ ကျောက်စိမ်းတွေတင်ဆောင်လာပြီး ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာကာ လမ်းတလျှောက်သစ်တွေပါ တင်ဆောင်လာလာတို့ဆိုပါတယ်။ မုံရွာမှာ ခရီးတစ်ထောက်နားကာ ဒီနေ့မှ ဧရာဝတီမြစ်ဘက်ကို စုန်ဆင်းတာဖြစ်တယ်လို့ ဆိုပါတယ်။
” မြစ်ကမ်းဘေးက ရွာတွေက အကုန်လုံးရှောင်နေရတယ်။ စစ်ခွေးတွေက လက်နက်ကြီးနဲ့ မြစ်ကြောင်းတစ်လျှောက်ကရွာတွေကိုပစ်နေတာ။ ပြည်သူတွေ ထိခိုက်မှု ရှိ၊ မရှိတော့ မသိရသေးဘူး။ သင်္ဘော အုပ်စုက ဆက်တိုက်ကို ပစ်နေတာ” လို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက မော်ကွန်းကို ပြောပါတယ်။
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းရွာအနားအရောက်မှာ စတင်ပစ်ခတ်တာဖြစ်ပြီး မြစ်ကမ်းဘေးကျေးရွာတွေဖြစ်တဲ့ လက်ပံတောင်း၊ ဝဲကြီး၊ ဝဲကွဲ၊ ပလောင်၊ ဝက်မှေးရွာသစ်၊ ပေါင်းဝနဲ့ဆားခါးကျေးရွာတွေ စစ်ဘေးရှောင်နေကြရပါတယ်။
အညာပစ်တိုင်းထောင်လေးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ” လက်ရှိကတော့ ယာယီရှောင်ရတာပေါ့။ အခုကဆားလင်းကြီးနယ် အကုန်လောက်တောင်ရောက်နေပြီ။ ယာယီခဏတာရှောင်ရတဲ့သဘောမျိုးပါဗျ။ မြစ်ကမ်းဘေးဆိုတော့ ရွာကတော်တော်များတယ်ဗျ”လို့ သူကပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သင်္ဘောအုပ်စုကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဆီးကြိုတိုက်ခိုက်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီတပ်သင်္ဘောတွေ ခန္တီးကနေ မုံရွာကို စုန်ဆင်းလာစဉ် မြစ်ကမ်းတစ်လျှောက်မှာရှိတဲ့ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဒေသခံထောင်ချီထွက်ပြေးခဲ့ရပါသေးတယ်။
အညာဒေသ စစ်ကိုင်းတိုင်းအထက်ပိုင်းကကားလမ်းတွေမှာ စစ်တပ်ဟာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကို အမြဲလိုလိုခံနေရပြီး ရထားပြေးဆွဲမှုတွေကလည်း အာဏာသိမ်းကတည်းက ရပ်တန့်နေတာဖြစ်ပါတယ်။
ဒီလိုအခြေအနေမှာ ချင်းတွင်းမြစ်အတွင်း မိုးကာလ ရေတက်ချိန်ကစလို့ အာဏာသိမ်းစစ်တပ်ဟာ ရေကြောင်းကို ပိုမိုအသုံးပြုလာပြီး ရိက္ခာနဲ့စစ်လက်နက်ပစ္စည်းတွေ၊ သစ်တွေနဲ့ ကျောက်စိမ်းတွေကိုပါ တင်ဆောင်နေကာ မြစ်ကြောင်းတစ်လျှောက်မှာလည်း ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာပါ။
ပုံစာ – ချင်းတွင်းမြစ်ကမ်းဘေးရွာတွေကို ဒီကနေ့ပစ်ခတ်တဲ့ စစ်တပ်ရဲ့ ရေယာဉ်အုပ်စု
ဓါတ်ပုံ – အညာပစ်တိုင်းထောင်လေးများ
#Dailynews

