ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၂၂ (မော်ကွန်း)
ဒလမြို့နယ်၊ တွံတေးတူးမြောင်းအနီးက ကျောင်းစုရပ်ကွက်မှာ မြစ်ကမ်းပါးပြိုလို့ ဘေးလွတ်ရာတိမ်းရှောင်နေရသူတွေဟာ အိမ်မပြန်နိုင်သေးဘဲ အကူအညီတွေလိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်းဥက္ကဌက ပြောပါတယ်။
“မြေကတအိအိပြိုကျနေလို့ သူတို့နေအိမ်ပြန်လို့မရသေးဘူး။ လောလောဆယ်တော့ လူ ၃၅၀ ကျော်ကို အောင်တောင်မူပုညရာမကျောင်းတိုက်မှာပဲရှိပါသေးတယ်။ ကမ်းပြိုတုန်းက နေအိမ်တွေအလုံးလိုက် ပါသွားတော့ သူတို့မှာဘာမှမကျန်တော့ဘူး။ လောလောဆယ်တော့ ပြည်သူအချင်းချင်း ကူညီထောက်ပံ့နေကြတာတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုပ်ပေးနေပါတယ်။ ထိရောက်တဲ့အကူအညီတွေလည်းလိုအပ်နေတယ်” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်က မိုးများပြီး ရန်ကုန်မြစ်ရေတက်လာတာကြောင့် ကမ်းပါးပြိုကျခဲ့သလို မနေ့ကလည်း ကမ်းပါးထပ်ပြိုကျတာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်နေဖို့သင့်မသင့် စစ်ဆေးနေပါတယ်။
အဲဒီရပ်ကွက် က အိမ်ထောင်စု ၉၆ စု နဲ့ လူဦးရေ ၃၅၂ ဦးကို အောင်တောင်မူပုညရာမကျောင်းတိုက်ကို ပြောင်းရွှေ့ထားတယ်လို့သိရပါတယ်။
အဲဒီကမ်းပါးပြိုကျမှုကြောင့် နေအိမ်ရှစ်လုံးရေထဲမျောပါသွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ကမ်းပါးပြိုကျတဲ့အချိန် ရေထဲမျောပါသွားတဲ့ အမျိုးသမီးနှစ်ဦးကိုလည်း အခုချိန်ထိရှာမတွေ့သေးဘူးလို့ အဲ့ဒီလူမှုကူညီရေးအသင်းကပြောပါတယ်။
အခုနှစ် မြန်မာနိုင်ငံရဲ့ မုတ်သုန်ရာသီ၊ ရေကြီးကာလ ဖြစ်တဲ့ ဇူလိုင်၊ ဩဂုတ်၊ နဲ့ စက်တင်ဘာလ တွေ မှာ မြို့ပေါင်း ၁၀ မြို့ကျော် ရေဘေးဒဏ်ကြုံခဲ့ရပါတယ်။
ဒလမြို့နယ်လိုပဲ ဩဂုတ်လဆန်းပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာ မှာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျကာ လူတစ်ထောင်ကျော်ဘေးလွတ်ရာကိုတိမ်းရှောင်နေရပါတယ်။
ပုံစာ- စက်တင်ဘာ ၂၀ ရက်က ကမ်းပြိုကျမှုမြင်ကွင်း
ဓာတ်ပုံ- လင်းလက်လူမှူကူညီရေးအသင်း
#Dailynews

