ရန်ကုန်-၂၀၂၃ စက်တင်ဘာ ၂၂ (မော်ကွန်း)
အခုလ ၁ ရက်ကနေ ၂၁ ရက်အထိ သုံးပတ်တာကာလအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ နိုင်ငံအနှံ့က ပြည်သူ ၄၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မနေ့ညနေက ထုတ်ပြန်ပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အမျိုးသမီး ၁၀ ဦးနဲ့ အမျိုးသာ ၃၃ ဦးဖြစ်ပြီး အဲဒီထဲက ရန်ကုန်တိုင်းက ၁၀ ဦးနဲ့ အများဆုံး ဖမ်းဆီးခံထားရတယ်လို့ AAPP ကဆိုပါတယ်။
စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးကတော့ ရန်ကုန်တိုင်းအတွင်းဖမ်းဆီးခံရသူအများစုဟာ ဖုန်းတွေစစ်ရင်း ဖမ်းခံရတာများတယ်လို့ဆိုပါတယ်။
“ဧည့်စစ်ရင်း ဖုန်းတွေယူစစ်တာပါ။ လူငယ်တွေနေတာများတဲ့ဆီဆိုပိုစစ်တယ်။ ပစ္စည်းတွေပါမွှေနှောက်စစ်တာ။ တခါတလေ လမ်းတွေမှာ စစ်တဲ့အခါတွေလည်းရှိတယ်။ ဖုန်းထဲမှာ NUG,PDF နဲ့ပတ်သက်ပြီး Like ပေးတာ၊ share တာမျိုးတွေ့ရင်ဖမ်းပြီး အကြမ်းဖက်ဥပဒေ၊ ဆက်သွယ်ရေးပုဒ်မတွေနဲ့ အရေးယူတာပါ” လို့ သူကပြောပါတယ်။
ရန်ကုန်တိုင်းအတွင်းမှာတော့ ပြီးခဲ့တဲ့ဩဂုတ်လဆန်းကစပြီး ညပိုင်းတွေမှာ စစ်ကောင်စီတပ်တွေက ဧည့်စာရင်းအကြောင်းပြ မကြာခဏစစ်ဆေးပြီး ဖမ်းဆီးတာမျိုးတွေရှိလာတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
အခုလအတွင်းမှာ စစ်ကောင်စီရဲ့ လက်အောက်ခံတရားရုံးတွေကနေ ဖမ်းဆီးထောင်ချခံရသူ ၇၅ ဦးအထိရှိပြီး စစ်ကိုင်းတိုင်းက ၆၅ ဦးနဲ့အများဆုံးဖြစ်ကာ တစ်သက်တစ်ကျွန်းချမှတ်ခံရသူ သုံးဦးနဲ့ သေဒဏ်ချခံရသူ လေးဦးပါဝင်တယ်လို့ AAPP ကဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ မနေ့ကအထိ နိုင်ငံအနှံ့ဖမ်းဆီးခံရသူ နှစ်သောင်းလေးထောင်ကျော်အထိ ရှိလာပြီး အဲဒီထဲက ၁၉,၀၀၀ကျော်ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ခုနစ်ထောင်ကျော်ဟာ ထောင်ဒဏ်အသီးသီး ချမှတ်ခံထားရတယ်လို့ AAPP ရဲ့ စာရင်းတွေအရ သိရပါတယ်။
ပုံစာ-ရန်ကုန်မြို့ဆူးလေဘုရားအနီးသွားလာနေကြသူများ
ဓာတ်ပုံ-မော်ကွန်း
#Dailynews

