ရန်ကုန် – ဇွန် ၁၄ ၂၀၂၄ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကနေ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ဖြတ်သန်းသွားလာရတဲ့ လမ်းကြောင်းအားလုံးကို စစ်ကောင်စီဘက်က အခုရက်ပိုင်းမှာပိတ်လိုက်တာကြောင့် လားရှိုးကနေ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော် စတဲ့ဒေသတွေကို သွားရောက်တဲ့လမ်းကြောင်းတွေ ပြတ်တောက်သွားပြီလို့ ဒေသခံတချို့က ပြောပါတယ်။
TNLA သတင်းနှင့်ပြန်ကြားရေးကတော့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေ လားရှိုးမြို့ကို ဝင်ရောက်တိုက်ခိုက်မှာ စိုးရိမ်တာကြောင့် ယခုလ ၁၃ ရက်မှာ လားရှိုးမြို့အဝင်လမ်း လားရှိုးနဲ့ မိုင်းယော်တိုက်နယ်ကျေးရွာကို ဆက်သွယ်ထားတဲ့ ကားလမ်းကို မြောင်းဖောက်ပြီး ဖျက်ဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီလမ်းကြောင်းဟာ လားရှိုးကနေ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော် စတဲ့တရုတ်နယ်စပ်တွေကို သွားရောက်ရာမှာ အသုံးပြုနေတဲ့ ရှောင်ကွင်းလမ်းတစ်ခုဖြစ်နေပြီး အဲဒီလမ်းကြောင်းဟာ မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို ဖြတ်သန်းသွားရတာပါ။
လားရှိုးကနေ ချင်းရွှေဟော်ကိုတက်တဲ့ ပြည်ထောင်စုလမ်းမကြီးဟာလည်း ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ MNDAA ရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပြီး လမ်းကြောင်းတွေ ပြန်မဖွင့်နိုင်သေးပါဘူး။
အလားတူ လားရှိုးကနေ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ဒေသဖြစ်တဲ့ နမ္မတူဘက်ကို တက်တဲ့လမ်းတွေကိုလည်း သီပေါမြို့အထွက်အနီးမှာ ယခုလ ၁၂ ရက်က လမ်းကိုကန့်လန့်ဖြတ်မြောင်းဖောက်ကာ ဖျက်ဆီးခဲ့ပြီး စစ်ကောင်စီက လမ်းကြောင်းဖြတ်တောက်ထားပါတယ်။
အခုလို လားရှိုးကနေ မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့ကို လမ်းကြောင်းတွေ ပိတ်လိုက်တာကြောင့် ဒေသတွင်း ကုန်သွယ်ရေးမှာ အခက်အခဲတွေ ပိုပြီးဖြစ်လာတယ်လို့ တရုတ်နယ်စပ် ကုန်သွယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
လားရှိုးမြို့ဟာ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ မြို့ဖြစ်ပြီး ယခင်ကတော့ စီးပွားရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ မြို့ပါ။
ဒါ့ပြင် တရုတ်နိုင်ငံကနေ မန္တလေးမြို့ကို ဝင်ရတဲ့ ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိပြီး အဲဒီလမ်းကြောင်းတွေ ပိတ်ဆို့သွားတာဟာ ဒေသတွင်းမှာ စီးပွားရေးထိခိုက်နိုင်တယ်လို့ လားရှိုးမြို့က ကုန်သွယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“အခုကတော့ လားရှိုးကနေ မန္တလေးထိပဲဆင်းလို့ရတော့မယ်။ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော် တရုတ်နယ်စပ်ဘက်တက်တဲ့လမ်းတွေ အကုန်ပိတ်လိုက်တာပေါ့။ ပြီးခဲ့လပိုင်းလောက်ကတော့ လက်နက်ကိုင်တွေနဲ့ ညှိပြီး ရှောင်ကွင်းလမ်းတွေကနေ သွားလာလို့ရသေးပေမယ့် အခုကတော့ လုံးဝပိတ်လိုက်တာပေါ့” လို့ ၎င်းကုန်သည်က ပြောပါတယ်။
အဲဒီလို လမ်းကြောင်းတွေ ပိတ်ဆို့လိုက်တဲ့အပြင် လားရှိုးမြို့အနီးတစ်ဝိုက်မှာ နှစ်ဖက်စစ်ရေးတင်းမာကာ စစ်ပြင်နေတဲ့ ကောလာဟလသတင်းတွေ လူမှုကွန်ရက်တွေပေါ်မှာလည်း ထွက်ပေါ်နေပါတယ်။
အဲဒီသတင်းတွေ ထွက်နေပေမယ့် လားရှိုးမြို့ပေါ်မှာတော့ ဒေသခံတွေဟာ ပုံမှန်အတိုင်း သွားလာနေကြပြီး စစ်ဘေးရှောင်တာမျိုး မရှိသေးဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“အခုထိတော့ ပုံမှန်ပဲပေါ့။ မူဆယ်၊ လောက်ကိုင်ဘက်တော့ တက်မရတော့ဘူး။ ဒီဘက် မန္တလေးဘက်ကိုတော့ ဆင်းလို့ရနေသေးတယ်။ မြို့ပေါ်မှာလည်း လုပ်စရာရှိတာ ပုံမှန်သွားလာနေကြပါတယ်” လို့ ၎င်းက ပြောပါတယ်။
မန္တလေးမြို့ကနေ မူဆယ်မြို့ကိုသွားတဲ့ ပြည်ထောင်စုလမ်းပေါ်မှာလည်း ဒေသတွင်းဆက်သွယ်ထားတဲ့ ကျင်သီတံတား၊ သိန္နီတံတား၊ စဉ့်အင်တံတား၊ အီနိုင်းတံတား အစရှိတဲ့ တံတားတွေဟာလည်း ပြီးခဲ့တဲ့ ဒေသတွင်းတိုက်ပွဲတွေအကြား ဖျက်ဆီးခံလိုက်ရတာကြောင့် တရုတ်နယ်စပ်မူဆယ်ကို သွားလာရာမှာ ကျေးရွာချင်းချိတ်ဆက်လမ်းတွေ တောတွင်းလမ်းတွေကနေ သွားလာနေကြရပါတယ်။
အဲဒီတောတွင်းလမ်းတွေဟာ မိုးရာသီဖြစ်တာကြောင့် ပုံမှန်ထက်ခရီးလမ်းကြန့်ကြာနေကာ ကားလေးတွေနဲ့ ကုန်တင်ကားတွေ သွားလာလို့မရဘဲ 4 wheels drive ကားအမျိုးအစားတွေပဲ သွားလာလို့ရနေတယ်လို့ အဲဒီလမ်းကြောင်းမှာ ခရီးသည်တင်ယာဉ်ပြေးဆွဲနေသူတစ်ဦးက ပြောပါတယ်။
လားရှိုးကနေ မူဆယ်သွားတဲ့ လမ်းကြောင်းပေါ်က ကွတ်ခိုင်ဟာ TNLA ထိန်းချုပ်နယ်မြေမှာရှိပြီး၊ လားရှိုးကနေ လောက်ကိုင်၊ ချင်းရွှေဟော်ဘက်ကို သွားတဲ့လမ်းကြောင်းကိုတော့ ကိုးကန့်တပ် (MNDAA) ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ။
TNLA ကတော့ စစ်ကောင်စီရဲ့ အဲဒီလုပ်ရပ်ဟာ တော်လှန်ရေးတပ်တွေကို ဟန့်တားဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပေမယ့် အရပ်သားပြည်သူတွေ ထိခိုက်နစ်နာနေပြီး သွားလာရေးခက်ခဲတာ၊ ကုန်စည်စီးဆင်းမှု ရပ်တန့်တာတွေ ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ AA ၊ MNDAA ၊ TNLA အဖွဲ့တွေဟာ ပြီးခဲ့နှစ် အောက်တိုဘာလမှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့တွေကို ထိုးစစ်ဆင်ခဲ့ပါတယ်။
အဲဒီထိုးစစ်မှာ မြောက်ပိုင်းတော်လှန်ရေးတပ်တွေဟာ ရှမ်းမြောက်ဒေသက မြို့ပေါင်း ၁၆ မြို့နဲ့ တပ်စခန်းအမြောက်အများကို သိမ်းပိုက်နိုင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလမှာတော့ တရုတ်နိုင်ငံရဲ့ ကြားဝင်မှုနဲ့ နှစ်ဖက် အပစ်ရပ်ခဲ့ကြတာပါ။
ပုံစာ – လက်ရှိ စစ်ကောင်စီကလမ်းပိတ်လိုက်တဲ့ လားရှိုး-မူဆယ် ရှောင်ကွင်းလမ်းတစ်နေရာ
ဓာတ်ပုံ – MoI

